လောင်စာဆဲလ်
From Wikipedia, the free encyclopedia
လောင်စာဆဲလ်သည် လျှပ်စစ်ဓာတုဆဲလ်တစ်ခု ဖြစ်ပြီး လောင်စာဆီ (များသောအားဖြင့် ဟိုက်ဒရိုဂျင်)၏ ဓာတုစွမ်းအင်နှင့် ဓာတ်တိုးပစ္စည်း (အောက်ဆီဂျင် ) တို့ ဓာတ်ပြုမှု မှတစ်ဆင့် လျှပ်စစ်အဖြစ်ပြောင်း လဲပေးသည်။ လောင်စာဆဲလ်များသည် ဘက်ထရီများနှင့် ကွဲပြားပြီး ဓာတုဗေဒဓာတ်ပြုမှုကို စဉ်ဆက်မပြတ်ဖြစ်စေရန်အတွက် လောင်စာနှင့် အောက်ဆီဂျင် (လေထုမှ) လိုအပ်သည်။ ဘက်ထရီများမှာမှု ဓာတုစွမ်းအင်သည် များသောအားဖြင့် သတ္တုများနှင့် ၎င်းတို့၏ အိုင်းယွန်းများ သို့မဟုတ် အောက်ဆိုဒ်များမှ ဖြစ်သည်။[1] လောင်စာဆဲလ်များသည် လောင်စာနှင့် အောက်ဆီဂျင်ထောက်ပံ့ပေးသရွေ့ စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်သည်။
ပထမဦးဆုံးသော လောင်စာဆဲလ်များကို ၁၈၃၈ ခုနှစ်တွင် ဆာ ဝီလျံဂရုပ် (Sir William Grove)မှ တီထွင်ခဲ့သည်။ ရာစုနှစ်တစ်ခုကျော်အကြာ ၁၉၃၂ ခုနှစ်တွင် ဖရန်စစ်သောမတ်ဘေကွန် (Francis Thomas Bacon) မှ ဟိုက်ဒရိုဂျင် - အောက်ဆီဂျင်လောင်စာဆဲလ်ကို တီထွင်ပြီးနောက်တွင် လောင်စာဆဲလ်များကို ပထမဆုံးစီးပွားဖြစ် အသုံးပြုခဲ့သည်။ ဘေကွန် လောင်စာဆဲလ် (တီထွင်သူ၏ နာမည်ပေး)ဟု သိကြသည့် အယ်ကာလိုင်းလောင်စာဆဲလ်ကို ၁၉၆၀ ပြည့်လွန်နှစ်များအလယ်ကတည်းက နာဆာအာကာသ အစီအစဉ်များတွင် ဂြိုဟ်တုများနှင့် အာကာသယာဉ်များကို ပါဝါထုတ်ပေးရန် အသုံးပြုခဲ့သည်။ ထိုအချိန်မှစ၍ လောင်စာဆဲလ်များကို အခြားအသုံးချမှု များစွာတွင် အသုံးပြုခဲ့သည်။ လောင်စာဆဲလ်များကို စီးပွားရေးဆိုင်ရာများ၊ စက်မှုလုပ်ငန်းနှင့် လူနေအိမ်အဆောက်အဦးများနှင့် ဝေးလံခေါင်ဖျားဒေသများတွင် စွမ်းအင်ရင်းမြစ်နှင့် အရံအဖြစ် အသုံးပြုသည်။ လောင်စာဆဲလ်များကို ကားများ၊ ဘတ်စ်ကားများ၊ လှေများ၊ မော်တော်ဆိုင်ကယ်များနှင့် ရေငုပ်သင်္ဘောများကိုလည်း ပါဝါပေးရန် အသုံးပြုကြသည်။
လောင်စာဆဲလ် အမျိုးအစား အများအပြားရှိပြီး အားလုံးတွင် အဖိုတိုင်၊ အမတိုင်နှင့် အပေါင်းအိုင်းယွန်း (ပရိုတွန်)များသာ ကူးဖြတ်နိုင်သော လျှပ်လိုက်ရည်တို့ ပါဝင်သည်။ အဖိုတိုင်တွင် ဓာတ်ကူပစ္စည်းသည် လောင်စာ (ဟိုက်ဒရိုဂျင်)ကို ဓာတ်တိုးဓာတ်ပြုမှုဖြစ်စေပြီး ပရိုတွန်နှင့် အီလက်ထရွန်များ ဖြစ်ပေါ်စေသည်။ ပရိုတွန်များသည် အဖိုတိုင်မှ လျှပ်လိုက်ရည်ကိုဖြတ်ပြီး အမတိုင်သို့ သွားသည်။ တချိန်ထဲမှာပဲ အီလက်ထရွန်များသည်လည်း အဖိုတိုင်မှ အမတိုင်ဘက်သို့ အပြင်ပတ်လမ်းမှ စီးကူးသွားပြီး ဒီစီလျှပ်စစ်ကို ဖြစ်ပေါ်စေသည်။ အမတိုင်ဘက်တွင် အခြားဓာတ်ကူပစ္စည်းသည် ပရိုတွန်နှင့် အီလက်ထရွန်များကို အောက်ဆီဂျင်နှင့် ဓာတ်ပြုစေပြီး ရေကို ရရှိသည်။ လောင်စာဆဲလ်များကို အသုံးပြုသော လျှပ်လိုက်ရည် အမျိုးအစားနှင့် စတင်ချိန်ကို မူတည်ပြီး အမျိုးအစား ခွဲခြားထားသည်။ စတင်ချိန်သည် ပရိုတွန်-ဖလှယ် အလွှာပါးလောင်စာဆဲလ် (Proton-exchange fuel cell) (PEM)များတွင် ၁ စက္ကန့်နှင့် အစိုင်အခဲအောက်ဆိုဒ်လောင်စာဆဲလ် (solid oxide fuel cell) (SOFC)များတွင် ၁၀ မိနစ် ဖြစ်သည်။ ဆက်စပ်သော နည်းပညာတစ်ခုသည် စီးကြောင်းဘက်ထရီ (flow battery)ဖြစ်ပြီး အားသွင်းခြင်းဖြင့် လောင်စာကို ပြန်လည်ထုတ်လုပ်နိုင်သည်။ လောင်စာဆဲလ်တစ်ခုချင်းသည် လျှပ်စစ်ဓာတ်အား အလားအလာ ၀.၇ ဗို့ခန့်သာရှိသောကြောင့် အသုံးပြုမည့် လိုအပ်ချက်အပေါ်မူတည်၍ လုံလောက်သော ဗို့အားရရှိရန် တန်းဆက် (series) ဆက်ထားရသည်။ [2] လျှပ်စစ်ဓာတ်အားအပြင် လောင်စာဆဲလ်များသည် ရေ၊ အပူနှင့် လောင်စာအရင်းအမြစ်ပေါ် မူတည်၍ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပမာဏအနည်းငယ် နှင့် အခြားထုတ်လွှတ်မှုများကို ထုတ်လုပ်သည်။ လောင်စာဆဲလ်တစ်ခု၏ စွမ်းအင်ထိရောက်မှုသည် ယေဘုယျအားဖြင့် ၄၀ မှ ၆၀ ရာခိုင်နှုန်း ကြားတွင်ရှိသည်။ သို့သော် စွန့်ပစ်အပူကိုပါ အသုံးပြုနိုင်ပါက ထိရောက်မှုကို ၈၅ ရာခိုင်နှုန်း အထိရရှိနိုင်သည်။