လေဖြတ်ခြင်း
From Wikipedia, the free encyclopedia
ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်၌ လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ အချိန် ၆ စက္ကန့်တိုင်း၌ လေဖြတ်ရောဂါဖြင့် လူတစ်ဦးနှုန်း သေဆုံးနေပါသည်။ အသက်အရွယ် ကျားမ မရွေး၊ လူမျိုး၊ ဘာသာ၊ နေရာမရွေး စက္ကန့်မလပ် လေဖြတ်ရောဂါ ဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် လူဦးရေ ၁၅ သန်းခန့်၊ လေဖြတ်ရောဂါ ခံစားနေရပြီး ၎င်းတို့အနက် ခြောက်သန်းခန့်မှာ အသက်ဆုံရှုံးနေပါသည်။ ယခုအခါ လူဦးရေ သန်း ၃၀ ခန့်မှာ လေဖြတ်ရောဂါ ဖြစ်ခဲ့ပြီး အများစုမှာ နာတာရှည် မသန်မစွမ်း ဖြစ်ကျန်နေခဲ့သည်။ လေဖြတ်ရောဂါသည် အရေးပေါ် ကုသရန် လိုအပ်သည့် ရောဂါဖြစ်သည်။ ၎င်းသည် ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရလဒ် ဖြစ်သည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုံလောက်သော သွေး ပုံမှန်ရရှိရန် လိုအပ်သည်။ ဦးနှောက်၏ အစိတ်အပိုင်းများသည် လုံလောက်သော သွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်က လုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် လေဖြတ်ရောဂါ လက္ခဏာများကို ဖြစ်ပေါ်စေသည်။
အဓိကအားဖြင့် လေဖြတ်ရောဂါအမျိုးအစား နှစ်မျိုးရှိသည်။
- ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း
- - ဦးနှောက်အတွင်းရှိ သွေးကြောငယ်များ ကျဉ်း၍ ပိတ်ခြင်း
- - နှလုံးသွေးနှင့် သွေးလွှတ်ကြောများမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်း။
- ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ ဖြစ်သည်။
လေဖြတ်ခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းအရာများ (က) ပြုပြင်ပြောင်းလဲ၍ မရနိုင်သော အကြောင်းအရာများ
- အသက်ကြီးလာခြင်း
- အမျိုးသားဖြစ်ခြင်း
- လူမျိုးအရ လူမည်းနှင့် အာရှတိုက်သားများတွင် ပိုဖြစ်ခြင်း
- မိဘမျိုးရိုးတွင် လေဖြတ်ရောဂါနှင့် နှလုံးရောဂါရှိခြင်း
- ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြော ပိတ်ဖူးခြင်း
(ခ) ပြုပြင်ပြောင်းလဲ၍ ရသော အကြောင်းအရာများ
- သွေးတိုးရောဂါရှိခြင်း
- နှလုံးရောဂါရှိခြင်း (နှလုံးသွေးခုန်မမှန်ခြင်း၊ နှလုံးသွေးကြော ကျဉ်ခြင်း)
- လည်ပင်းရှိ သွေးကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း၊
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- သွေးအတွင် အဆီဓာတ်များခြင်း၊
- ဆီးချို၊ သွေးချိုရောဂါရှိခြင်း
- အဝလွန်ခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်းနှင့် စိတ်ဖိစီးမှုများခြင်း တို့ ဖြစ်သည်။