From Wikipedia, the free encyclopedia
ပလ္လင်ဟူသည် မြင့်မြတ်သော နေရာထိုင်ခင်းဖြစ်ကာ ပလ္လင်၆မျိုးရှိသည့်အနက်မှ လူမင်းတို့ထိုင်ရာကို ရာဇပလ္လင်ဟုခေါ်ဆိုကြသည်။
ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ -
ပလ္လင် တစ်ခုတွင်ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြား ၊ ကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူး ၊ ကြာ ၊ ဦးဆောက်ပန်း ဟူ၍ (၁၂) နေရာ ရှိသည်။
မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် ပလ္လင်တော်ဟူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်ကာလမှ စတင်ပေါ်ထွန်းခဲ့ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာ သမိုင်းအထောက်အထားများအရ သိရှိရသည်။ မြန်မာ့သမိုင်းတွင် မြို့ပြယဉ်ကျေးမှုအစောဆုံး ထွန်းကားသော ပျူခေတ်ကပင် ပလ္လင်တော်သည် မြန်မာ့ဒြပ်ရှိယဉ်ကျေးမှုပစ္စည်းတစ်မျိုးအဖြစ် စတင်ပေါ်ထွန်းခဲ့ကြောင်း သိရှိနိုင်သည်။[1]
ပုဂံခေတ်တွင်လည်း အနော်ရထာမင်းလက်ထက်တွင် ရှင်အရဟံကို သင့်တင့်လျောက်ပတ်သောနေရာသို့ကြွစေရာ ရာဇပလ္လင်ပေါ်သို့ ကြွမြန်းသဖြင့် ပုဂံခေတ်တွင်လည်း ရာဇပလ္လင်ကို အသုံးပြုကြောင်းတွေ့နိုင်သည်။
ရှင်ဘုရင်မှလွဲ၍ မည်သူမျှ ရာဇပလ္လင်ပေါ်တွင် ထိုင်ခွင့်မရှိ။ တက်မိသူသည် အာဏာလုခြင်း (သို့မဟုတ်) ကြီးလေးသော သစ္စာဖောက်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်သည် အချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အာဏာလုသည်ဟုမသုံးကြဘဲ ပလ္လင်လုသည်ဟု အသုံးပြုခဲ့ကြသည်။
မင်းတုန်းမင်းလက်ထက်တွင် နာမကျန်းဖြစ်စဉ်က အိမ်ရှေ့စံ ကနောင်မင်းသားက ဘုရင့်ကိုယ်စား တရားစီရင်ခဲ့ရာ သီဟာသနပလ္လင်ပေါ်တွင် တက်ထိုင်၍ တရားစီရင်ခြင်းမဟုတ်ဘဲ ထိုပလ္လင်ကို လက်ဖြင့်သုံးသပ်၍ ဘုရင့်ကိုယ်စား တရားစီရင်ခြင်းဖြစ်သည်။
မြန်မာမင်းဆက်နောက်ဆုံးစိုးစံရာ ကုန်းဘောင်ခေတ်၌ ပလ္လင် (၈) မျိုး ရှိခဲ့သည်။ ထားရှိရာ နေရာကိုလိုက်၍ အရေအတွက်အားဖြင့် (၉)ခု ရှိခဲ့သည်။
ပလ္လင် ရှစ်ခန်း | |||||
စဉ် | ပလ္လင်အမည် | ခံသောအရုပ် | ထုလုပ်သည့် သစ်သား | အသုံးပြုသည့် ကိစ္စ | ထားရှိသည့် နေရာ |
၁ | သီဟာသနပလ္လင် | ခြင်္သေ့အရုပ် | ယမနေသား | မင်းတို့ ပူဇော်ခံရာ၊နေ့စဉ်စည်းဝေးစုရုံးရာ | မြေနန်းပြာသာဒ် |
၂ | သီဟာသနပလ္လင် | ခြင်္သေ့အရုပ် | ယမနေသား | တရားစီရင်တော်မူရာ၊ ဝန်ကြီးများ၊ စစ်သူကြီးများနှင့် အရေးကြီးသောကိစ္စများ ဆွေးနွေးရာ | လွှတ်တော် |
၃ | ဘမရာသနပလ္လင် | ပိတုန်းရုပ် | ကရဝေးသား | စက်တော်ခေါ်ရာ၊အတွင်းဝန်ကြီးများနှင့် ကိုယ်ရေးကိုယ်တာကိစ္စ သီးသန့်ဆွေးနွေးတိုင်ပင်ရာ | မှန်နန်းဆောင် |
၄ | ပဒုမ္မာသနပလ္လင် | ပဒုမ္မာကြာပွင့် | သရက်သား | မင်းမိန်းမတို့ကန်တော့ခံရာ | အနောက်ဇေတဝန်ဆောင် |
၅ | ဟံသာသနပလ္လင် | ဟင်္သာရုပ် | သင်္ကန်းသား | ဘုရားဝတ်ပြုရာ၊ မင်းမျိုးမင်းနွယ်၊ သံတမန်အဆင့်မြင့်ပုဂ္ဂိုလ်များကို လက်ခံတွေ့ဆုံရာ | အရှေ့ဇေတဝန်ဆောင် |
၆ | ဂဇာသနပလ္လင် | ဆင်ရုပ် | စကားသား | ရာထူးအတက်၊ အကျကို အမိန့်ထုတ်ပြန်ရာ | ဗြဲတိုက် |
၇ | သင်္ခါသနပလ္လင် | ခရုသင်းရုပ် | တောင်ပိန္နဲသား | မင်းတို့တရားစကားနာခံရာ | လေသာဆောင် |
၈ | မိဂါသနပလ္လင် | သူမင်ရုပ် | ရေသဖန်းသား | ယုံကြည်ရသော ဝန်ကြီးများနှင့် တိုင်ပြည်ရေးကိစ္စများကို ဆွေးနွေးတော်မူရာ | တောင်စမုတ်ဆောင် |
၉ | မယုရာသနပလ္လင် | ဥဒေါင်းရုပ် | ပေါက်သား | ကန်တော့ပန်း သိမ်းရာ | မြောက်စမုတ်ဆောင် |
ပလ္လင်ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင် ဟူ၍ ခေါ်သည်။ [2]
၁၈၈၅ခုနှစ်တွင် သီပေါမင်းပါတော်မူပြီးနောက် မင်းခမ်းတော်များနှင့် နန်းစဉ်ရတနာများကို ဗြိတိသျှတို့ ယူဆောင်သွားကာ ၁၈၉၄တွင် နန်းဆောင်ပေါင်း၇၀တို့ကို လုံခြုံရေးအကြောင်းပြကာ ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် နန်းဆောင်အလိုက် ထားရှိသော ရာဇပလ္လင်များမှာ ပျောက်ဆုံးခဲ့ရသည်။ တရားလွှတ်တော်တွင် ထားရှိသော သီဟာသနပလ္လင် တစ်ခုတည်းသာ ကျန်ရစ်ခဲ့ပြီး ၁၉၀၂ခုနှစ်တွင် ဗြိတိသျှကိုလိုနီအကြီးအကဲဖြစ်သူ လော့ဒ်ကာဇုန်မှ အိန္ဒိယသို့ ယူဆောင်သွားသည်။ ပလ္လင်တော်၏အစိတ်အပိုင်းများကို သေတ္တာ ၃၆လုံးတွင် ထည့်သယ်ရာ အလေးချိန် သုံးတန်ခန့်ရှိသည်။၁၉၀၂ခုနှစ် မေလ၁၆ရက်နေ့တွင် အက်စ်အက်စ်ပန်ဒူးဝါး သင်္ဘောဖြင့် ရန်ကုန်မှ သယ်ဆောင်သွားခဲ့သည်။ ထို့တောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ စက်မှုလက်မှုပညာပြခန်း၌ ထားရှိခဲ့သည်။ ထို့နောက် ၁၉၁၁ခုနှစ်တွင် အနုသုခုမပညာပြခန်းတွင် ပြသခဲ့သည်။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရရှိချိန်တွင် အိန္ဒိယဒိုမီနီယံနိုင်ငံများကိုယ်စား ဘုရင်ခံချုပ် လော့ဒ်မောင့်ဘတ်တန်က မြန်မာနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်။မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ပြန်ဖြစ်လာ၍ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်သော ရာဇပလ္လင်ကို လွတ်လပ်ရေးအထိမ်းအမှတ် လက်ဆောင်အဖြစ် ပြန်လည်အပ်နှင်းသည်ဟူသော အဓိပ္ပာယ်ဖြင့် ၁၉၄၈ခုနှစ် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရောက်ရှိလာသော သီဟာသနပလ္လင်တော်ကို ရန်ကုန်မြို့၊ အလုံလမ်းရှိ သမ္မတအိမ်တော် ဧည့်ခန်းမတွင် ထားရှိသည်။ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို သမ္မတထံ အပ်နှင်းထား၍ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်သော ပလ္လင်တော်ကို ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ သမ္မတအိမ်တော်၌ ထားရှိခြင်းဖြစ်သည်။ ထို့နောက် ဒုတိယမြောက်သမ္မတ ဒေါက်တာဘဦးသည်လည်း အိမ်တော်၌ပင် ထားရှိခဲ့သည်။ တတိယမြောက်သမ္မတ မန်းဝင်းမောင်လက်ထက်တွင် ထိုပလ္လင်တော်ကို အများပြည်သူလေ့လာနိုင်ရန် အမျိုးသားပြတိုက်သို့ ပြောင်းကာ ပြသခဲ့သည်။
၁၉၅၇ခုနှစ်မှစကာ ပလ္လင်တော်သည် အမျိုးသားပြတိုက်၏ အဓိကရပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ မူလက အမျိုးသားပြတိုက်မှာ ဂျူဗလီဟောတွင် ဖွင့်ထားခဲ့ရာမှ ၁၉၇၀ခုနှစ် ဖေဖော်ဝါရီ၈ရက်နေ့တွင် ပန်းဆိုးတန်းအောက်လမ်းသို့ ပြောင်းကာဖွင့်လှစ်ရာ မြေညီထပ်ရှိ သဘာဝအလင်းရောင်ခန်းမတွင် ပြသထားခဲ့သည်။ ပြည်လမ်းပေါ်ရှိ အမျိုးသားပြတိုက်အသစ်ကြီးဖွင့်လှစ်ရာတွင် ပလ္လင်ခန်းမဆောင်တွင် ခင်းကျင်းပြသထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုပလ္လင်ကို မြန်မာဘုရင်များလက်ထက်တော်က နန်းတော်ဆောင်၌ ထားရှိသည့်အတိုင်းပင် ထီးဖြူ၊ အလံများနှင့် ထားရှိသည်။
၂၀၀၈ဖွဲ့စည်းပုံဥပဒေအရလည်း နိုင်ငံတော်၏အချုပ်အခြာအာဏာကို နိုင်ငံတော်သမ္မတထံ အပ်နှင်းထားသည်။၂၀၁၀ရွေးကောက်ပွဲအပြီး ၂၀၁၁တွင် အစိုးရအသစ်ဖွဲ့စည်းချိန်၌ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်သော ပလ္လင်တော်၏ ပုံတူပွားတစ်ခုကို နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ရှိ ဧည့်ခန်းမ၌ ထားရှိထားလေသည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.