From Wikipedia, the free encyclopedia
ရတနာပုံဥယျာဉ် သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးနန်းတော်၏ ကျုံးနှင့် မြို့ရိုးအကြားတွင် တည်ဆောက်ထားသော ဥယျာဉ်ဖြစ်သည်။ အဓိကအားဖြင့် ကျုံးအရှေ့ဘက်ခြမ်းတွင် တည်ဆောက်ထားသည်။
ရတနာပုံဥယျာဉ် | |
---|---|
အမျိုးအစား | ဥယျာဉ် |
တည်နေရာ | မန္တလေး နန်းတော်၊ မန္တလေးမြို့ |
ကိုဩဒိနိတ် | 21°59′15″N 96°06′21″E |
ဖန်တီး | ၂ အောက်တိုဘာ ၂၀၂၁ |
ဖွင့်လှစ် | ၁၃ ဧပြီ ၂၀၂၂ |
၁၉၅၉ခုနှစ်တွင် ကျုံးတောင်ဘက်၊ အနောက်ဘက်တွင် မြို့ရိုးနှင့်ကျုံးအကြားရှိမြေပြင်၊ ရေပြင်များတွင် မန်းသီတာဥယျာဉ်ကို တပ်မတော်နှင့် မြို့တော်မြူနီစီပယ်တို့ ပေါင်း၍တည်ဆောက်ခဲ့ကြသည်။ ၁၉၈၈ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် အာဏာသိမ်းစစ်အစိုးရက ထိုဥယျာဉ်ကို ဖျက်သိမ်းခဲ့သည်။ ထို့အပြင် ကျုံးနှင့်မြို့ရိုးအကြားရှိ မြေပြင်သို့ အများပြည်သူများ သွားလာခွင့်ကို တင်းကြပ်ခဲ့ပြီး ၂၀၁၁ခုနှစ် အုပ်ချုပ်ရေးအသွင်ကူးပြောင်းပြီး နောက်ပိုင်းမှသာ ပြန်လည်သွားလာခွင့်ပေးခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ဦးထင်ကျော်အစိုးရ တက်လာပြီးနောက် မြို့တော်ဝန်ဖြစ်လာသော ဒေါက်တာရဲလွင်၏ ရက် (၁၀၀) စီမံကိန်းတွင် ကျုံးတောင်ဘက်၌ မန်းသီတာဥယျာဉ် ပြန်လည်တည်ဆောက်ရေး ပါဝင်ခဲ့သည်။ တိုင်းဒေသကြီးလွှတ်တော်ကလည်း ခွင့်ပြုခဲ့သည်။ သို့သော် တပ်မတော်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ၎င်းတို့ကသာ ဆောက်လုပ်ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော် မူလစီမံချက်အတိုင်း တောင်ဘက်ကျုံးတလျှောက် ပြန်လည်တည်ဆောက်ခဲ့ခြင်းမရှိဘဲ ကျော်မိုးတံခါးအနီးတွင်သာ ဥယျာဉ်ငယ်အဖြစ် ပြန်လည်တည်ဆောက်ခဲ့သည်။[1] [2] [3][4][5]
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ခန့်အပ်ထားသော တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့က အရှေ့ဘက်နှင့် တောင်ဘက် မြို့ရိုးနှင့် ကျုံးအကြားရှိမြေပြင်တွင် မန်းသီတာဥယျာဉ်နှင့် မတူသည့် ဥယျာဉ်တစ်ခုကို တည်ဆောက်ရန် ကြံရွယ်ခဲ့သည်။[6] ထို့နောက် ၂၀၂၁ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် ပန္နက်ရိုက်ခဲ့သည်။[7] ပန်းခြံ၏ ပုံစံကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲခဲ့သည်။ ဥယျာဉ်တည်ဆောက်နေဆဲကာလအတွင်း တည်ဆောက်နေမှုအခြေအနေများအား ၂၀၂၁အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လာရောက်ကြည့်ရှုမှုများလည်းရှိခဲ့သည်။[8] ထို့အပြင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလည်း လာရောက်ခဲ့သည်။[9]
ကျုံးနှင့်မြို့ရိုးအကြားရှိ (၁၁၆)ပေတွင် မြို့ရိုးနှင့် ပေ(၄၀)ခြားကာ တည်ဆောက်ထားသည်။ (၁၀) ပေ စက်ဘီးစီးလမ်း၊ (၁၆)ပေ လှည်းလမ်းများလည်း ပါဝင်သည်။ ရေပန်းများ၊ (၆)ပေထက်မမြင့်သော ပန်းပင်များ၊ ရှေးဟောင်းရုပ်တုများ၊ ယဉ်ကျေးမှုပစ္စည်းများအား ထည့်သွင်းတည်ဆောက်ထားသည်။
ဥယျာဉ်ဖွင့်ပွဲကို ၂၀၂၂ခုနှစ် ဧပြီလ (၁၃) ရက် မဟာသင်္ကြန် အကြိုနေ့နံနက်တွင် သောင်းညွန့်တံခါးအနီး၌ ဖွင့်လှစ်ခဲ့သည်။[10]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.