From Wikipedia, the free encyclopedia
ယူနန် (Yunnan) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ အနောက်တောင်ဘက်အရပ်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၃၉၄,၀၀၀ စတုရန်းကီလိုမီတာ (၁၅၂,၀၀၀ စတုရန်းမိုင်)ခန့် ရှိသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ လူဦးရေ (၄၅.၇)သန်းခန့် ရှိသည်။ ပြည်နယ်မြို့တော်မှာ ကူမင်းမြို့ ဖြစ်သည်။ ယူနန်ပြည်နယ်သည် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ယူနန်ပြည်နယ် Yunnan Province | |||||||||
| |||||||||
အတိုကောက်အမည်: 滇 or 云/雲 (pinyin: Diān or Yún) | |||||||||
အမည်ရင်းမြစ် | 云 yún – ယွန်လင်းတောင် 南 nán – တောင်ဘက် ယွန်လင်းတောင်တန်း၏ တောင်ဘက်[1] | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | ကူမင်းမြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | ချန်းဟောင် (နိုင်ငံရေးသမား) | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | ရွမ်ချန်းဖာ | ||||||||
ဧရိယာ | ၃၉၄,၁၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | 21° 09' to 29° 15' N | ||||||||
- လောင်ဂျီကျု | 097° 32' to 106° 12' E | ||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |
၄၅,၉၆၆,၂၃၉ (၁၂) ၁၁၂ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |
ယွမ်ငွေ ၇၂၂.၁ ဘီလီယံ (US$ ၁၀၆.၆ ဘီလီယံ) (၂၄) CNY ၁၃,၄၉၄ (၂၉) | ||||||||
HDI (၂၀၀၈) | ၀.၇၁၀ (medium) (၂၈) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ခရစ်ယာန်ဘာသာ(ပရိုတက်စတင့်၊ကက်သလစ်)၊ အစ္စလာမ်ဘာသာ၊ တောက်ဝါဒ၊ ဗုဒ္ဓဘာသာ။ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန် – ၆၇% ယီ လူမျိုး – ၁၁% ပိုင်လူမျိုး – ၃.၆% ဟနီလူမျိုး– ၃.၄% ကျွမ်းလူမျိုး – ၂.၇% တိုင်လူမျိုး – ၂.၇% မြောင်လူမျိုး – ၂.၅% ဟွေ – ၁.၅% တိဘက် – ၀.၃% ပလောင် – ၀.၁၉% | ||||||||
ဒေသသုံးဘာသာစကားများ | တရုတ်၊ ယီ၊ ပိုင်၊ ဟနီ၊ ကျွမ်း၊ တိုင်၊ မြောင်၊ ဟွေး၊ တိဘက်။ | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၁၆ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၁၂၉ ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၅၆၅ ခု | ||||||||
ISO 3166-2 | CN-53 | ||||||||
အင်တာနက် စာမျက်နှာ http://www.yn.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
ယူနန်ပြည်နယ်သည် တောင်ထူထပ်သောဒေသတွင်တည်ရှိပြီး ပြည်နယ်၏ အနောက်မြောက်ဘက်ပိုင်းတွင် မြင့်မားပြီး အရှေ့တောင်ဘက်ပိုင်းသို့နိမ့်ဆင့်သွားသည်။ ပြည်နယ်လူဦးရေ၏ အများစုမှာ ပြည်နယ်၏ အရှေ့ပိုင်းတွင် နေထိုင်ကြသည်။ အနောက်ဘက်ပိုင်းဒေသညများတွင် မြစ်ဝှမ်းဒေသမှ တောင်တန်းတောင်ထွတ်အထိ အမြင့်သည် မီတာ ၃၀၀၀ ခန့်အထိ ရှိသည်။ ယူနန်ပြည်နယ်သည် သဘာဝသယံဇာတရင်းမြစ်များ ပေါများပြီး တရုတ်ပြည်၏ သစ်ပင်အပင်ကြီးမျိုး မျိုးကွဲများ အပေါများဆုံးဒေသဖြစ်သည်။ အပင်မျိုးကွဲပေါင်း ၁၇,၀၀၀ ကျော်ရှိသည်။ တရုတ်ပြည်၏ အကြီးမားဆုံးသော အလူမီနီယမ် (ဒန်)၊ ခဲ၊ သွပ် နှင့် သံဖြူ သတ္တုရိုင်းသိုက်များသည် ယူနန်ပြည်နယ်တွင် တည်ရှိသည်။ ကြေးနီနှင့် နီကယ် အရန်သတ္တုရိုင်းသိုက်များလည်း တည်ရှိသည်။ မြစ်ချောင်းနှင့် ရေကန်ပေါင်း ၆၀၀ ကျော်ရှိပြီး နှစ်စဉ် ရေထုထည် ၂၂၂ကုဗမီတာ ပေးဝေနိုင်သည်။ စုစုပေါင်း ခန့်မှန်းရေအားလျှပ်စစ်ပမာဏမှာ ၁၀၃-ဂီဂါဝပ်မျှရှိပြီး ၎င်းအနက် ထုတ်ယူသုံးစွဲနိုင်သောပမာဏမှာ ၉၀-ဂီဂါဝပ်မျှ ရှိသည်။
ယူနန်ပြည်နယ်သည် ဘီစီ ၂ရာစုမှစ၍ ဟန့်မင်းဆက် (Han Dynasty (206 BC-220 AD)) လက်အောက်တွင်ပါဝင်ခဲ့သည်။ အေဒီ ၈ရာစုတွင် တိဘက်-မြန်မာ ဘာသာစကားကို ပြောဆိုကြသော နန်ကျောက်ဘုရင့်နိုင်ငံ (Kingdom of Nanzhao) ဖြစ်ခဲ့သည်။ တိုင်းရင်းသားပေါင်းစုံနေထိုင်သော နန်ကျောက်၏ အထက်တန်းလွှာ လူတန်းစား အများစုက ယီဘာသာစကား (Yi language) ကို ပြောဆိုကြရာ ယီဘာသာစကားသည် ယူနန်ပြည်နယ်၏ အတွင်ကျယ်ဆုံးဘာသာစကားဖြစ်လာခဲ့သည်။ ၁၃ရာစုတွင် မွန်ဂို ယွမ်မင်းဆက်လက်ထက်တွင် နန်ကျောက်နိုင်ငံကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ ၁၉၃၀ပြည့်လွန်နှစ်များအထိ စစ်ဘုရင်များ အဆက်ဆက်အုပ်ချုပ်ခဲ့သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသကို ဂျပန်တို့ ကျူးကျော်ဝင်ရောက်လာသောအခါ ဟန့်လူမျိုး (တရုတ်လူမျိုး) များသည် ယူနန်ပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။ ယခုအခါ ဒေသခံတိုင်းရင်းသားများမှာ လူဦးရေ စုစုပေါင်း၏ ၃၄% ခန့်သာရှိသည်။ အဓိကတိုင်းရင်းသားများမှာ ယီလူမျိုး (Yi)၊ ပိုင်လူမျိုး (Bai)၊ ဟနီလူမျိုး (Hani)၊ ကျွမ်းလူမျိုး (Zhuang)၊ တိုင်လူမျိုး (Dai) နှင့် မြောင်လူမျိုး (Miao) တို့ ဖြစ်ကြသည်။
အသေးစိတ်အကျယ် သိရှိလိုပါက ယူနန်ပြည်နယ်သမိုင်း တွင်ဖတ်ရှုပါရန်။ ၁၉၆၀ပြည့်လွန်နှစ်များတွင် မီးရထားလမ်းဖောက်လုပ်သောအင်ဂျင်နီယာများက Homo erectus အနွယ်ဝင် ယွမ်မိုလူသား (Yuanmou Man) ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ကြသည်။ ယင်းသည် တရုတ်ပြည်၏ ရှေးအကျဆုံးသော လူသားကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သည်။ နီယိုလစ်သစ်ကာလအတွင်းက ယူနန်ပြည်နယ်၊ တျန့်ရေကန်ဒေသအတွင်း လူသားများ အခြေချနေထိုင်ခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရသည်။ ကျောက်လက်နက်များကို အသုံးပြုခဲ့ကြပြီး ရိုးစင်းသော သစ်သားအဆောက်အဦများ ကို တည်ဆောက်ကြသည်။
ဘီစီ ၃ရာစုတွင် ယူနန်ပြည်နယ်၏ အလယ်ဗဟိုဒေသ (ယနေ့ကူမင်းမြို့တစ်ဝိုက်) ကို တျန့်ဘုရင့်နိုင်ငံ (Dian Kingdom) ဟု ခေါ်ဆိုခဲ့သည်။ ချူနိုင်ငံ (Chu state)မှ စစ်ဗိုလ်ချုပ် ကျွမ်းချောင် (Zhuang Qiao (庄跤)) သည် ယန်ဇီမြစ်အထက်ပိုင်းမှနေ၍ ယူနန်ဒေသတွင်းသို့ ဝင်ရောက်လာကာ မိမိကိုယ်ကို တျန့်ဘုရင် ("King of Dian") အဖြစ်ခံယူခဲ့သည်။ သူ့လက်ထက်မှစ၍ တရုတ်လူမျိုးများ ယူနန်ဒေသတွင်းသို့ တစ်ဖွဲဖွဲ ဝင်ရောက် အခြေချနေထိုင်လာခဲ့ကြသည်။
ဘီစီ ၂၂၁တွင် ချင်ရှီဟွမ် (Qin Shi Huang) က တရုတ်ပြည်ကြီးကို စည်းရုံးသိမ်းသွင်းခဲ့ရာ တောင်ဘက်ပိုင်းဒေသများအထိ ဩဇာသက်ရောက်ခဲ့သည်။ ယူနန်ပြည်နယ်တွင် စစ်ဒေသများ၊ စီရင်စုများ တည်ထောင်ခဲ့သည်။ ဘီစီ ၁၀၉တွင် ဟန်မင်းဆက်ဘုရင် ဝူ (Emperor Wu of Han China) သည် ဗိုလ်ချုပ် ကောချောင့် (Guo Chang (郭昌)) ကို ယူနန်ဒေသသို့စေလွှတ်ခဲ့ပြီး ယီကျိုးစစ်ဒေသ (Yizhou commandery) နှင့် စီရင်စု ၂၄ခုကို တည်ထောင်ခဲ့သည်။ စစ်ဒေသမြို့တော်မှာ ယနေ့ခေတ် ကျင်းနင်မြို့ (Jinning 晋宁) ဖြစ်သည်။ မြန်မာ၊ အိန္ဒိယ နိုင်ငံတို့နှင့် ကုန်ကူးသန်းရေး တိုးတက်ရန်အတွက် ဝူဘုရင်သည် ထန်မွင့် (Tang Meng (唐蒙)) ကိုစေလွှတ်ခဲ့သည်။ ထိုခေတ်အချိန်တွင် ယူနန်ပြည်နယ်၏ စိုက်ပျိုးရေးမှာ များစွာဖွံ့ဖြိုးနေပြီဖြစ်ပြီး ကြေးလက်နက်များ၊ ထွန်သွားများ နှင့် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်၊ ခွေး မွေးမြူခြင်းများ ပြုလုပ်ခဲ့ကြသည်။ မနုဿဗေဒပညာရှင်များ၏ အဆိုအရ အဆိုပါ လူမျိုးများသည် တိုင်လူမျိုး (Tai peoples) များ ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများအနေဖြင့် နေထိုင်ခဲ့ကြကာ တစ်ခါတရံတွင် တရုတ်ပြည် ဘုရင်ကို ပုန်ကန်၍ တရုတ်ပြည်မှ ထွက်ပြေးလာကြသော တရုတ်လူမျိုးများက ခေါင်းဆောင်လုပ်ကြသည်။
သုံးပြည်ထောင်ခေတ် (Three Kingdoms) တွင် ယနေ့ခေတ်ယူနန်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်အနောက်ပိုင်းနှင့် စစ်ချွမ်းပြည်နယ်တောင်ပိုင်းဒေသများကို စုပေါင်း၍ နန်ကျုံး ဟုခေါ်ဆိုခဲ့သည်။ တရုတ်ပြည် ဗဟိုအုပ်ချုပ်ရေးအာဏာပျက်သုဉ်းခဲ့ရာ ယူနန်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိလာခဲ့သည်။ တိုင်းရင်းသားများ အင်အားတောင့်တင်းလာခဲ့သည်။ အေဒီ ၂၂၅တွင် တရုတ်အမတ်ကြီး ကျူးဂယ်လျန့် (Zhuge Liang) သည် တပ်မကြီး သုံးခုနှင့်ချီတက်လာပြီး တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ခဲ့သည်။ သူ၏ မွင့်ဟော့ကိုသိမ်းသွင်းခြင်း (seven captures of Meng Huo) သည် တရုတ်ရိုးရာပုံပြင်များတွင် နာမည်ကြီးသည်။
၄ရာစုတွင် မြောက်ပိုင်းတရုတ်ပြည်သည် မြောက်ဘက်မှ နိုမဒစ် (nomadic tribes) လူမျိုးများ၏ လွှမ်းမိုးခြင်းခံရသည်။ ၃၂၀ပြည့်လွန်နှစ်များတွင် ဆွမ်လူမျိုးစု (the Cuan (爨)) အကြီးအကဲ ဆွမ်ချင်း (Cuan Chen 爨琛) သည် တျန့်ရေကန်ဒေသ (ယနေ့ခေတ် ခွန်းချွမ်း Kunchuan 昆川) သို့ ဝင်ရောက်လာကာ မင်းအဖြစ်ခံယူခဲ့သည်။ ထိုအချိန်မှစ၍ နောင်နှစ်ပေါင်း ၄၀၀ ကျော်သည့်တိုင်အောင် ဆွမ်လူမျိုးများက အုပ်ချုပ်ခဲ့သည်။ အေဒီ ၇၃၈တွင် ဖီလောဂယ် (Piluoge 皮罗阁) က ယူနန်ဒေသတွင် နန်ကျောက်တိုင်းပြည် (Kingdom of Nanzhao) ကို တည်ထောင်ခဲ့သည်။ ထန်မင်းဆက် (Tang Dynasty) မှလည်း ယူနန်ဘုရင်အဖြစ် အသိအမှတ်ပြုခဲ့သည်။ တလီမြို့ (Dali) ကို ဗဟိုပြုအုပ်ချုပ်ခဲ့သော အဆိုပါ နန်ကျောက်မင်းတို့သည် နှစ်ပေါင်း ၂၀၀ ကျော်မျှ ၁၃ဆက်မျှ ရှိပြီး တိဘက်ပြည်နှင့် တရုတ်ပြည်တို့ကြားတွင် တက်ကြွသော ဆက်ဆံရေး ရှိခဲ့သည်။ ၉၃၇ခုနှစ်တွင် တွမ့်စီးဖင် (Duan Siping 段思平) သည် နန်ကျောက်မင်းဆက်ကို ဖြုတ်ချပြီး တလီဘုရင့်နိုင်ငံ (Kingdom of Dali) ကို တည်ထောင်ခဲ့သည်။ ၁၂၅၃ တွင် မွန်ဂိုအင်ပါယာ (Mongol Empire) ၏ သိမ်းပိုက်ခြင်း ခံရသည်။ ယွမ်မင်းဆက် (Yuan Dynasty) ကူဗလိုင်ခန် (Kublai Khan) ဘုရင်လက်ထက်တွင် ယူနန်ပြည်နယ်တွင် ပထမဆုံး အုပ်ချုပ်ရေးမှူး အဖြစ် တာ့ခ်လူမျိုး (Turkmen) ဆာယစ်အဂျယ်လ် (Sayid Ajall) ကို ၁၂၇၃တွင် ခန့်အပ်ခဲ့သည်။ [2] ထိုခေတ်မတိုင်မီက မွန်ဂိုမင်းသားများနှင့် ဒေသခံဘုရင်တို့က အုပ်ချုပ်ခဲ့ကြသည်။ ဟူနန်နှင့် ယူနန် ပြည်နယ်တို့သည် အင်ဒိုချိုင်းနားဒေသသို့ မွန်ဂိုကျူကျော်မှုအတွက် စစ်အခြေစိုက်စခန်းများ ဖြစ်လာခဲ့သည်။ ၁၃၈၁တွင် မင်မင်းဆက် (Ming Dynasty) က ယွမ်မင်းဆက်ကို အောင်နိုင်ခဲ့ပြီး ယွမ်မင်းဆက် သစ္စာခံများကို နှိမ်နင်းခဲ့သည်။
၁၈၉၄တွင် ဩစတြေးလျလူမျိုး တိုင်းမ်သတင်းထောက် ဂျော့ချ် အားနက်စ် မောရစ်ဆင် (George Ernest Morrison) သည် မြန်မာပြည်မှ ယူနန်ကိုဖြတ်၍ ပေကျင်းသို့ ခရီးသွားခဲ့သည်။ သူရေးသားသော An Australian in China စာအုပ်တွင် ဂျပန်တို့၏ ကျူးကျော်မှုကြောင့် ယူနန်သည် အကြီးအကျယ်ပြောင်းလဲခဲ့ပြီ။ အရှေ့ဘက်ကမ်းရိုးတန်းဒေသမှ စစ်ပြေးဒုက္ခသည်များ ပြည့်နှက်နေပြီး စက်မှုလုပ်ငန်းများကို ယူနန်ဒေသတွင်း တည်ထောင်လာကြသည်။ ဟု ဖော်ပြထားသည်။[3] ထိုအချက်ကြောင့်ပင် ဒေသတွင်းတွင် မဟာဗျူဟာ ကျသောနေရာ ဖြစ်လာပြီး ကူမင်းမှ လားရှိုးသို့ မြန်မာလမ်းမကြီး (Burma Road) ကိုဖောက်လုပ်ရန်အကြောင်း ဖြစ်စေခဲ့ဖွယ်ရှိသည်။
၁၉၁၆-၁၉၁၇တွင် ရွိုင်းချက်ပ်မင်းအင်ဒရူးစ် (Roy Chapman Andrews) နှင့် ယက်ဗ်ဘိုရပ်အင်ဒရူးစ် (Yvette Borup Andrews) တို့သည် အာရှသတ္တဗေဒလေ့လာရေးခရီးအတွက် ယူနန်ပြည်နယ်ကို လာရောက်ခဲ့ကြသည်။ သူတို့၏ အတွေ့အကြုံများကို Camps and Trails in China စာအုပ်တွင် မှတ်တမ်းတင်ရေးသားထားခဲ့ကြသည်။
၁၉၂၂ မှ ၁၉၄၉ အတွင်း ဟိန်းနရစ်ချ်ဟင်ဒယ်မဇက်တီ (Heinrich Handel-Mazzetti)၊ ဂျော့ချ်ဖောရက်စ် (George Forrest) နှင့် ဂျိုးဇက်ဖရန်စစ်ချားလ်စ်ရော့ခ် (Joseph Francis Charles Rock) တို့သည် ရုက္ခဗေဒနှင့် တိုင်းရင်းသားလူမျိုးများ၊ ဘာသာစကားများကို လေ့လာ သုတေသနပြုခဲ့ကြသည်။ ၁၉၄၀မှ ၁၉၄၉အတွင်း ရုရှားလူမျိုး ပီတာဂူးလတ် (Peter Goullart) သည်ယူနန်ပြည်နယ် လိကျန်းဒေသမှ နရှီးလူမျိုး (Naxi people) တို့၏ ယဉ်ကျေးမှုကို လေ့လာခဲ့သည်။
ယူနန်ပြည်နယ်သည် တရုတ်ပြည်၏ အနောက်တောင်ဘက်အကျဆုံးဒေသဖြစ်သည်။ ပြည်နယ်ဧရိယာသည် ၃၉၄,၀၀၀ စတုရန်းကီလိုမီတာ ရှိပြီး တရုတ်တစ်ပြည်လုံး အကျယ်အဝန်း၏ ၄.၁% ရှိသည်။ ပြည်နယ်၏ မြောက်ပိုင်းဒေသသည် ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့် (Yunnan-Guizhou Plateau) ၏ အစိပ်အပိုင်းဖြစ်သည်။ အရှေ့ဘက်တွင် ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ ကွေ့ကျိုးပြည်နယ်၊ မြောက်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အနောက်မြောက်ဘက်တွင် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အနောက်ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင်လာအိုနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဗီယက်နမ်နိုင်ငံတို့နှင့် ကီလိုမီတာ ၄,၀၆၀ ရှည်လျားသော နယ်ခြားမျဉ်းဖြင့် ပိုင်းခြားထားသည်။
ယူနန်ပြည်နယ်သည် တောင်ဘက်ကို မျက်နှာပြုနေသော တောင်တန်းဆင်ခြေလျှောများ ရှိသောကြောင့် သမမျှတသော ရာသီဥတုရှိသည်။ ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာ ၂ခုလုံးတို့၏ လွှမ်းမိုးခြင်း ခံရသည်။ စိုက်ပျိုးနိုင်သောရာသီဥတုမှာ ရှည်လျားသော်လည်း စိုက်ပျိုးနိုင်သောမြေ (arable land) မှာ နည်းပါးသည်။ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်မှာ ၈°စင်တီဂရိတ်မှ ၁၇°စင်တီဂရိတ်ကြားတွင်ရှိပြီး ဇူလိုင်လ၏ပျမ်းမျှအပူချိန်မှာ ၂၁°မှ ၂၇°စင်တီဂရိတ်ကြားတွင်ရှိသည်။ တစ်နှစ်ပျမ်းမျှမိုးရေချိန်မှာ ၆၀၀မီလီလီတာနှင့် ၂,၃၀၀မီလီလီတာကြား ရရှိသည်။ ဇွန်လမှ ဩဂုတ်လကြားတွင် တစ်နှစ်တာမိုးရေချိန်၏ ထက်ဝက်ကျော်ရရှိသည်။ ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့် တွင် သမမျှတသောအပူချိန် ရရှိသည်။ အနောက်ဘက် ချိုင့်ဝှမ်းဒေသတွင် ပူနွေးစိုစွတ်ပြီး တောင်ပေါ်အမြင့်ပိုင်းတွင် လေအေးများတိုက်ခတ်သည်။
မြေမျက်နှာသွင်ပြင်အနေအထားအားဖြင့် တောတောင်ထူထပ်သည်။ အထူးသဖြင့် အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် ပိုမိုထူထပ်သည်။ တောင်စဉိတောင်တန်းများက ပြည်နယ်တစ်ခုလုံးဖုံးလွှမ်းနေသည်။ အနောက်ဘက်ပိုင်းတွင် ထင်ရှားသော တောင်ချိုင့်ဝှမ်းကြီးရှိသည်။ ယူနန်-ကွေ့ကျိုးကုန်းပြင်မြင့် မှာ အရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ အဓိက မြစ်ကြီးများသည် တောင်တန်းများကြားရှိ ချိုင့်ဝှမ်းများအတွင်းတွင် ဖြတ်သန်း စီးဆင်းသည်။
ပျမ်းမျှအမြင့် ၁,၉၈၀မီတာ ရှိသည်။ မြောက်ပိုင်းတွင် တောင်တန်းများမှာ ပိုမိုမြင့်မားပြီး အမြင့် မီတာ ၅,၀၀၀ ကျော်အထိရှိကြသည်။ တောင်ပိုင်းတွင် မီတာ ၃,၀၀၀ ကျော်သော တောင်တန်း မရှိပေ။ မြောက်ဘက်တွင် အမြင့်ဆုံးတောင်မှာ ခါဝါဂယ်ပေါတောင်ထွတ် (Kawagebo Peak) ဖြစ်ပြီး ၆,၇၄၀မီတာ မြင့်သည်။ ဟဲခိုခရိုင် (Hekou County)၊ မြစ်နီမြစ် (Honghe River) ချိုင့်ဝှမ်းတွင် အနိမ့်ဆုံးဖြစ်ပြီး ၇၆.၄မီတာမျှသာ မြင့်သည်။
ပြည်နယ်၏ အရှေ့ဘက်ခြမ်းတွင် ထုံးကျောက်ကုန်းပြင်မြင့်များ၊ သယ်ယူပို့ဆောင်ရေးအတွက် အသုံးမပြုနိုင်သော ချောင်းများ ရှိပြီး အနောက်ဘက်ခြမ်းတွင် ထူထပ်သောတောင်တန်းများ၊ မြောက်မှတောင်သို့သွယ်တန်းစီးဆင်းနေသော မြစ်ချောင်းများ ရှိကြသည်။ ၎င်းတို့အနက် သံလွင်မြစ် (Nujiang, Salween) နှင့် မဲခေါင်မြစ် (Lancangjiang, Mekong) တို့မှာ ထင်ရှားသည်။ တောတောင်ထူထပ်သောကြောင့် သဘာဝပေါက်ပင်များ တောရိုင်းတိရစ္ဆာန်များ ပေါများပြီး ယူနန်ပြည်နယ်ကို သဘာဝသတ္တရုက္ခဥယျာဉ် (natural zoological and botanical garden) ဟုလည်း ခေါ်ဆိုကြသည်။
တိဘက်၊ စစ်ချွမ်း၊ ကွေ့ကျိုး၊ ကွမ်ရှီး ပြည်နယ်များနှင့် နယ်ချင်းထိစပ်နေသည်။ နယ်ခြားတိုင်းပြည်များမှာ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့ ဖြစ်ကြသည်။
ယူနန်ပြည်နယ်တွင် ရေကန်များ မြောက်မြားစွာရှိသည်။ စတုရန်းကီလိုမီတာ (၃၀)ထက်ကျယ်သော ရေကန်ကြီး (၉)ခုရှိသည်။ [4] ၎င်းတို့မှာ -
ယူနန်ပြည်နယ်သည် ရှီမြစ် (Xi River) နှင့် ယွမ်မြစ် (Yuan River) မြစ်နှစ်သွယ်တို့၏ တည်ရာဖြစ်သည်။
အဓိကမြစ်ကြီး (၆)သွယ်ရှိသည်။ ၎င်းတို့မှာ -
ယူနန်ပြည်နယ်အရှေ့ဘက်ခြမ်းတွင် ထုံးကျောက်တောင်များ ပေါများပြီး အနောက်ဘက်ခြမ်းတွင် တောင်ထူထပ်ကာ မြစ်များသည် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းနေကြသည်။ သံလွင်မြစ်၊ မဲခေါင်မြစ်တို့မှာထင်ရှားသည်။
ယူနန်ပြည်နယ်သည် သဘာဝ ဓာတ်သတ္တုများ ပေါများပြီး တရုတ်ပြည်၏ သံဖြူအထွက်ဆုံးဒေသဖြစ်သည်။ သံ၊ ကျောက်မီးသွေး၊ ခဲ၊ ကြေးနီ၊ သွပ်၊ ရွှေ၊ ပြဒါး၊ ငွေ၊ ခနောက်စိမ်း နှင့် ကန့် များ ပမာဏ ပေါများစွာ တည်ရှိသည်။
ယူနန်ပြည်နယ်သည် တရုတ်ပြည်တွင် ဇီဝဗေဒအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း များစွာကွဲပြားသော ဒေသဖြသည်။ ဒေသတွင်းတွင် နှင်းဖုံးတောင်များလည်း ရှိသလို အပူပိုင်းဒေသပေါက်ပင်များလည်း ရှိသည်။ သို့ဖြစ်၍ သဘာဝပေါက်ပင်အမျိုးစုံကို တစ်နေရာအတွင်းတွင် တွေ့ရှိနိုင်သော ထူးခြားသော ဒေသဖြစ်သည်။ နွေရာသီတွင် တိဘက်ကုန်းပြင်မြင့်သည် မုတ်သုန်လေများကို ဟန့်တားနိုင်သော သဘာဝအတားအဆီးများသဖွယ်ဖြစ်နေပြီး ဒေသအတွင်း စိုထိုင်းမှု ကို ဖြစ်စေသည်။ ယင်းကြောင့်ပင် တောင်မြင့်ထင်းရှူးတောများပေါက်ရောက်သည်။
သဘာဝပေါက်ပင်မျိုးကွဲများအနေဖြင့် ပင်ကြီးပင်စောက်မျိုး (higher plants) ၁၇,၀၀၀ မျှ ရှိပြီး ယူနန်ပြည်နယ်ကို ကမ္ဘာ့မြောက်ခြမ်းရှိ သဘာဝပေါက်ပင်များကို တစ်နေရာတည်းတွင် အစုံအလင်တွေ့ရှိနိုင်သော ဒေသ ဟုလည်း ပြောဆိုကြသည်။ [7]
တောတိရစ္ဆာန်များအနေဖြင့်လည်း တရုတ်တစ်ပြည်လုံး၏ ၄%မျှသာ ကျယ်ဝန်းသော ယူနန်ပြည်နယ်သည် တစ်ပြည်လုံးတွင်ရှိသော နို့တိုက်သတ္တဝါနှင့်ငှက်မျိုးစိတ် စုစုပေါင်း၏ ထက်ဝက်ကျော် ရှိသည်။ စိုင်၊ ကျား၊ ဆင် စသော တိရစ္ဆာန်များ ရှိသည်။ မျိုးတုံးပျောက်ကွယ်လုဖြစ်နေသော တိရစ္ဆာန်များလည်း ရှိသည်။
ယူနန်ပြည်နယ်ကို အောက်ပါအတိုင်းတင်စားခေါ်ဆိုလေ့ရှိသည်။
ဓာတ်သတ္တုသိုက်ကြီးများ တည်ရှိသည်။ သတ္တုမျိုးပေါင်း ၈၆မျိုးကို နေရာပေါင်း ၂,၇၀၀ တွင် တွေ့ရှိထားသည်။ ယင်းအနက် ၁၃%ခန့်မှာ တရုတ်ပြည်တစ်ပြည်လုံးတွင် အကြီးမားဆုံးသော သတ္တုသိုက်များဖြစ်သည်။ သွပ်၊ ခဲ၊ သံဖြူ၊ ကက်ဒ်မီယမ် (cadmium)၊ အင်ဒီယမ် (indium)၊ သာလီယမ် (thallium) နှင့် ခရော့ဆီဒိုလိုက် (crocidolite) အများဆုံးထုတ်လုပ်သော ဒေသဖြစ်သည်။ သံ၊ ကြေးနီ၊ ကျောက်မီးသွေး၊ ရွှေ၊ ပြဒါး၊ ငွေ၊ ခနောက်စိမ်း၊ ကန့် များပြားစွာထွက်သည်။ တွင်းထွက်အမျိုးပေါင်း ၁၅၀ကျော်ကို ရှာဖွေတွေ့ရှိရသည်။ တွင်းထွက်သယံဇာတအားလုံး၏ ကာလပေါက်ဈေး တန်ဖိုးမှာ တရုတ်ယွမ်ငွေ ၃ထရီလီယံခန့်ရှိသည်။ ၎င်းတို့အနက် ၄၀%သည် လောင်စာတွင်းထွက်၊ ၇.၃%သည် သတ္တုတွင်းထွက်၊ ၅၂.၇%သည် သတ္တုမဟုတ်သောတွင်းထွက်တို့ဖြစ်သည်။
မိုးရေချိန်လုံလောက်ပြီး မြစ်ချောင်း၊ရေကန်များပေါများသည်။ ပြည်နယ်အတွင်း တစ်နှစ်တာရေစီးဆင်းမှုပမာဏမှာ ၂၀၀ကုဗကီလိုမီတာ ဖြစ်သည်။ ယင်းပမာဏသည် မြစ်ဝါမြစ်၏ ၃ဆမျှရှိသည်။ ပြည်နယ်ပြင်ပမှ ပြည်နယ်အတွင်းသို့ စီးဝင်သော ရေစီးဆင်းမှုပမာဏမှာ ၁၆၀ကုဗကီလိုမီတာ ရှိသည်။ ပြည်နယ်အတွင်းရှိ လူတစ်ဦးချင်းအလိုက် ရေရရှိမှုမှာ လူတစ်ဦးအတွက် တစ်နှစ်တာ ရေရရှိမှု ကုဗမီတာ တစ်သောင်း အထိရှိပြီး ယင်းပမာဏသည် တစ်ပြည်လုံးပျမ်းမျှ၏ ၄ဆမျှရှိသည်။ ရေသယံဇာတကြွယ်ဝမှုကြောင့် ရေအားလျှပ်စစ် များစွာထုတ်လုပ်နိုင်သည်။ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ဆည်တမံများ တည်ဆောက်လျက်ရှိပြီး ပထမဆုံးဆည်ဖြစ်သော မန်ဝမ်ဆည် (Manwan Dam) သည် ၁၉၉၃ခုနှစ်တွင် ပြီးစီးခဲ့သည်။
ယူနန်ပြည်နယ်ကို ခရိုင်ကြီး (၁၆)ခုဖြင့် ဖွဲ့စည်းထားသည်။
# | ခရိုင်ကြီးအမည် | တရုတ်စာဖြင့် | တရုတ်အသံထွက်ဖြင့် | မြို့တော်အမည် |
---|---|---|---|---|
— ခရိုင်ကြီးများနှင့်မြို့တော်များ — | ||||
1 | ကူမင်းမြို့ (Kunming) | 昆明市 | Kūnmíng Shì | ဖန်းလုံခရိုင် Panlong District |
2 | ချွီးကျင့်မြို့ (Qujing) | 曲靖市 | Qǔjìng Shì | ချိလင်ခရိုင် Qilin District |
3 | ယွိရှီးမြို့ (Yuxi) | 玉溪市 | Yùxī Shì | ဟုန်းထာခရိုင် Hongta District |
4 | ပေါင်ရှန်းမြို့ (Baoshan) | 保山市 | Bǎoshān Shì | လုံးယန်ခရိုင် Longyang District |
5 | ကျောင်းထုံးမြို့ (Zhaotong) | 昭通市 | Zhāotōng Shì | ကျောင်းယန်ခရိုင် Zhaoyang District |
6 | လိကျန်းမြို့ (Lijiang) | 丽江市 | Lìjiāng Shì | ကူးချင်ခရိုင် Gucheng District |
7 | ဖူအာရ်မြို့ (Pu'er) | 普洱市 | Pǔ'ěr Shì | စိမောက်ခရိုင် Simao District |
8 | လင်ဆန်းမြို့ (Lincang) | 临沧市 | Líncāng Shì | လင်ရှန်းခရိုင် Linxiang District |
— ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကြီးများ — | ||||
9 | ဒယ်ဟုန်တိုင်(ရှမ်းလူမျိုး)နှင့်ဂျိမ်းဖောလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Dehong Dai and Jingpo Autonomous Prefecture) | 德宏傣族景颇族自治州 | Déhóng Dǎizú Jǐngpōzú Zìzhìzhōu | လုရှီးမြို့ (Luxi City, Dehong, Yunnan) |
10 | နုကျန်းလီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Nujiang Lisu Autonomous Prefecture) | 怒江傈僳族自治州 | Nùjiāng Lìsùzú Zìzhìzhōu | လူရွှေ (Lushui County) |
11 | ဒီချင့်တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Diqing Tibetan Autonomous Prefecture) | 迪庆藏族自治州 | Díqìng Zàngzú Zìzhìzhōu | ရှန်ဂရီလာ (Shangri-La County) |
12 | တလီပိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Dali Bai Autonomous Prefecture) | 大理白族自治州 | Dàlǐ Báizú Zìzhìzhōu | တလီမြို့ (Dali City, Yunnan) |
13 | ချူးရှုံယီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Chuxiong Yi Autonomous Prefecture) | 楚雄彝族自治州 | Chǔxióng Yízú Zìzhìzhōu | ချူးရှုန်မြို့ (Chuxiong City) |
14 | ဟုန်းဟယ်ဟနီနှင့်ယီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် (Honghe Hani and Yi Autonomous Prefecture) | 红河哈尼族彝族自治州 | Hónghé Hānízú Yízú Zìzhìzhōu | မင့်ဇီ (Mengzi County) |
15 | [[ဝင်ရှန်းကျွမ်းနှင့်မြောင်(မုံ) လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်]] (Wenshan Zhuang and Miao Autonomous Prefecture) | 文山壮族苗族自治州 | Wénshān Zhuàngzú Miáozú Zìzhìzhōu | ဝင်ရှန်း (Wenshan County) |
16 | [[ရှီးရွှမ်းပန်နတိုင်(ရှမ်းလူမျိုး)လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်]] (Xishuangbanna Dai Autonomous Prefecture) | 西双版纳傣族自治州 | Xīshuāngbǎnnà Dǎizú Zìzhìzhōu | ကျင်းဟုန်မြို့ (Jinghong City) |
အထက်ပါ ခရိုင်ကြီး (၁၆)ခု၏လက်အောက်တွင် ခရိုင်ငယ် (၁၂၉)ခု၊ မြို့နယ်ပေါင်း (၁၄၅၅)ခု ဖွဲ့စည်းထားသည်။
ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးရာထူးသည် ပြည်နယ်တွင် အမြင့်ဆုံးရာထူးဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးမှာ ဒုတိယအမြင့်ဆုံးရာထူးဖြစ်သည်။ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးများမှာ -[8]
ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governors of Yunnan) များမှာ - [8]
ယူနန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများစွာနေထိုင်ကြသည်။ [9] တိုင်းရင်းသားလူမျိုးပေါင်း (၄၇)မျိုးအထိနေထိုင်ကြသော ရှင်းကျန်းပြည်နယ်မှတစ်ပါး တရုတ်ပြည်တွင် ဒုတိယမြောက် တိုင်းရင်းသားလူမျိုးကွဲများ အများဆုံးပြည်နယ်တွင် တိုင်းရင်းသားလူမျိုး (၂၅)မျိုးနေထိုင်ကြသည်။ အဆိုပါလူနည်းစုတိုင်းရင်းသားလူမျိုးများဦးရေသည် ပြည်နယ်တစ်ခုလုံးလူဦးရေ၏ ၃၈%မျှ ရှိသည်။ တိုင်းရင်းသားများမှာ ယီ၊ ပိုင်၊ ဟနီ၊ တိုင်၊ မြောင်၊ လီဆူ၊ ဟွေး၊ လားဟူ၊ ဝ၊ ဂျိမ်းဖော၊ နရှီး၊ ယောင်၊ တိဘက်၊ ပုလန် (ပလောင်)၊ ဖူမီ၊ နု၊ အချန် (မိုင်းသာလူမျိုး)၊ ကျိနော့၊ မွန်ဂို၊ ဒယ်ရန်၊ မန်ချူး၊ ရွှေ နှင့် ပူယေး လူမျိုးတို့ဖြစ်ကြသည်။ အချို့သော တိုင်းရင်းသားလူမျိုးများမှာ လူဦးရေ ၅၀၀၀ပင်မပြည့်သဖြင့် စာရင်းသွင်းသတ်မှတ်ထားခြင်းမရှိပေ။
တိုင်းရင်းသား(၁၀)မျိုးတို့သည် နယ်စပ်ဒေသနှင့် ချိုင့်ဝှမ်းဒေသများတွင် နေထိုင်ကြသည်။ မန်ချူးချင်မင်းဆက်လက်ထက်က အဆက်အနွယ်များဖြစ်ကြသော မန်ချူးလူမျိုးများသည် တရုတ်လူမျိုးများနှင့် ခွဲခြား၍မရနိုင်ပေ။ တောင်နိမ့်ပိုင်းတွင် နေထိုင်ကြသော လူမျိုးများမှာ ဟနီ၊ ယောင်၊ လားဟူ၊ ဝ၊ ဂျိန်းဖော့၊ ဘလန်း၊ ကျိနော့ တို့ဖြစ်သည်။ တောင်မြင့်ပိုင်းတွင် နေထိုင်ကြသော လူမျိုးများမှာ မြောင်၊ လီဆူ၊ တိဘက်၊ ဖူမီ၊ ဒယ်ရန် လူမျိုးတို့ဖြစ်သည်။
ပုံပြင်များတွင် အမြဲပါလေ့ရှိသော ညီအစ်ကိုသုံးယောက် ဖြစ်သည့် တိဘက်၊ နရှီး နှင့် ပိုင်လူမျိုးတို့သည် တောင်မြင့်၊ တောင်လတ်၊ တောင်နိမ့်ဟု နေထိုင်ရာဒေသမတူပဲ ကွဲပြားသည်။
ယူနန်ပြည်နယ်တွင် ပြောဆိုကြသော တရုတ်ဘာသာ ဒေသိယစကား များသည် အနောက်တောင် မင်ဒရင် ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ စစ်ချွမ် နှင့် ကွေ့ကျိုးပြည်နယ်များ၌ ပြောဆိုကြသော ဒေသိယစကားများနှင့် နီးစပ်သည်။
ယူနန်ပြည်နယ်တွင်ပြောဆိုကြသော အခြား တိုင်းရင်းသား ဘာသာစကားများသည် တိဘက်-မြန်မာ ဘာသာစကားအုပ်စု (Tibeto-Burman languages) တွင်ပါဝင်သည်။ ပိုင်၊ ယီ၊ တိဘက်၊ ဟနီ၊ ဂျိန်းဖော့၊ လီဆူ၊ လားဟူ၊ နရှီး ဘာသာစကားတို့ဖြစ်ကြပြီး တိုင်ဘာသာစကားအုပ်စု (Tai languages) တွင်ပါဝင်သော ကျွမ်း၊ ပိုးယေ၊ တုန်း၊ ရွှေ၊ တိုင်းလွီ၊ တိုင်းနွာတို့ဖြစ်၍ �မုံ-မိန်ဘာသာစကားအုပ်စုကိုလည်း ပြောဆိုကြသည်။
နရှီးဘာသာစကားတွင် အသုံးပြုသော တုန်းပအက္ခရာ (Dongba script) သည် ကမ္ဘာပေါ်တွင် ယနေ့ထက်တိုင် အသုံးပြုနေသေးသော တစ်ခုတည်းသော ရုပ်ပုံအက္ခရာ စာရေးနည်းနစ် (pictographic writing system) ဖြစ်သည်။
၁၉၉၈စာရင်းအရ ပြည်နယ်အတွင်းတွင် လူဦးရေ ၄၁၉,၀၀၀ သည် ဘွဲ့ရရှိထားပြီး ၂.၁၁သန်းမှာ အထက်တန်းအောင်ဖြစ်သည်။ ၈.၃သန်းမှာ အလယ်တန်းအောင်ဖြစ်သည်။ ၁၈.၂၅သန်းမှာ မူလတန်းအောင် ဖြစ်သည်။ အသက် (၁၅)နှစ်ပြည့်ပြီး စာမတတ်မြောက်သူဦးရေမှာ ၈.၂၅သန်း ရှိသည်။
စိုက်ပျိုးရေးကို ကုန်းမြင့်လွင်ပြင်ဒေသအချို့၊ ချိုင့်ဝှမ်းအချို့ နှင့် တောင်စောင်းလှေကားထစ် များတွင် စိုက်ပျိုးကြသည်။ စိုက်ပျိုးရန်အတွက် ညီညာပြန့်ပြူးသောမြေမှာ ရှားပါးသည်။ ယခုအခါ ပြည်နယ်တစ်ခုလုံး၏ ၅%မျှသာ စိုက်ပျိုးထားသည်။ ဆန်စပါးသည် အဓိကစိုက်ပျိုးသီးနှံဖြစ်သည်။ ပြောင်းဖူး၊ ဘာလီ၊ ဂျုံ၊ ကန်စွန်းဥ၊ ပဲပိစပ်၊ လက်ဖက်၊ ကြံ၊ ဆေးရွက်ကြီး၊ ဝါဂွမ်း နှင့် rapeseedတို့ကိုစိုက်ပျိုးကြသည်။ အနောက်ဘက်ပိုင်းရှိ မတ်စောက်စော တောင်စောင်းများတွင် မွေးမြူရေး နှင့် သစ်ထုတ်ရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။
ဆေးရွက်ကြီးသည် အဓိကပြည်ပပို့ကုန်ဖြစ်သည်။ ပြည်နယ်ဂျီဒီပီ၏ ရာခိုင်နှုန်းအများစုသည် ဆေးရွက်ကြီးမှရသည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များမှလည်း ဝင်ငွေကောင်းစွာရသည်။
စားသုံးရန်သင့်တော်သောမှိုမျိုး ၉၃၈မျိုးအနက် ယူနန်ပြည်နယ်တွင် မှိုးမျိုး ၈၀၀ ကျော်ပေါက်ရောက်သည်။ ၂၀၀၄ခုနှစ်တွင် မှိုတန်ချိန် ၇,၇၄၄ ပြည်ပတင်ပို့နိုင်ခဲ့ပြီး တရုတ်ပြည်၏ မှိုတင်ပို့မှု၏ ၇၀%ဖြစ်သည်။ ထင်းရှူးမှို (pine mushroom) မှာ ယူနန်ပြည်နယ်၏ အဓိကထွက်ကုန်တစ်မျိုးဖြစ်ပြီး ဂျပန်သို့ များပြားစွာ တင်ပို့သည်။
ကော်ဖီလည်း စိုက်ပျိုးသည်။ တရုတ်ပြည်၏ အာရေဗျကော်ဖီအထွက်ဆုံး ဒေသဖြစ်သည်။ လက်ဖက်ခြောက်ကို ဂျပန်နှင့် အမေရိကန်သို့ တင်ပို့သည်။
နို့ထွက်ပစ္စည်းများကိုလည်း ပေါများစွာထုတ်လုပ်သည်။ အာဆီယံနိုင်ငံများသို့တင်ပို့ရန် ရည်မှန်းသည်။
ယူနန်ပြည်နယ်၏ ပန်းစိုက်ပျိုးထုတ်လုပ်မှုသည် တရုတ်ပြည်တစ်ပြည်လုံး၏ ၅၀% ရှိသည်။ ဟက်တာ ၄၀၀၀ မျှ ရှိသည်။ ပြည်တွင်းဈေးကွက်အပြင် ပြည်ပသို့လည်း တင်ပို့ရာ အမေရိကန်ဒေါ်လာ ၁၈သန်းခန့် ဝင်ငွေရရှိသည်။ တင်ပို့သောနိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဟောင်ကောင် နှင့် စင်ကာပူတို့ ဖြစ်သည်။
ယူနန်ပြည်နယ်သည် တရုတ်ပြည်၏ ဆင်းရဲနွမ်းပါးသောပြည်နယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ၁၉၉၄စာရင်းအရ တစ်နှစ်တာဝင်ငွေ ၃၀၀ယွမ်အောက်သာ ရရှိသော လူဦးရေ ၇သန်းကျော်ရှိပြီး ဆင်းရဲမှုမျဉ်းအောက်တွင် ရှိနေကြသည်။
အရှေ့တောင်အာရှနိုင်ငံများနှင့် လန်ဆန်းမြစ် (မဲခေါင်မြစ်) ကိုအသုံးပြု၍ ကုန်ကူးသန်းရောင်းဝယ်သည်။ မကြာသေးမီနှစ်များအတွင်းတွင် မဟာမဲခေါင်ဒေသ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခဲ့သည်။ အဓိကစီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေး၊ ဆေးရွက်ကြီး၊ သတ္တု၊ ရေအားလျှပ်စစ်နှင့် ခရီးသွားလုပ်ငန်းတို့ ဖြစ်ကြသည်။ ယူနန်ပြည်နယ်၏ စက်မှုလုပ်ငန်းများမှ ပြည်နယ်ဂျီဒီပီ၏ ၄၅%မျှ ရရှိသည်။
ယူနန်ပြည်နယ်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာ၊ ဆင်းရဲမှုတိုက်ဖျက်ရေး၊ တရားမဝင်ဝင်ရောက်မှုတားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှင့် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေး စသည့် လူမှုရေးပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။
အဓိကစက်မှုလုပ်ငန်းကြီး (၄)ခုမှာ ဆေးရွက်ကြီး၊ စိုက်ပျိုးရေးနှင့်ဇီဝထုတ်လုပ်ခြင်း၊ ဓာတ်သတ္တု နှင့် ခရီးသွားလုပ်ငန်းတို့ ဖြစ်သည်။ အဓိက စက်မှုထုတ်ကုန်များမှာ သံနှင့်သံမဏိ၊ ကြေးနီ၊ ယာဉ်များ၊ ဓာတုပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ချည်မျှင်အထည် တို့ ဖြစ်ကြသည်။ ယူနန်ပြည်နယ်သည် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ကျော်နှင့် ကုန်ကူးသန်းမှုရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နှင့် ယူနန်ပြည်နယ်၊ ရွှေလီမြို့တို့ နယ်စပ်ကုန်သွယ်ရေးဇုန်များ ဖွင့်လှစ်ထားသည်။ [10] ယူနန်ပြည်နယ်၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၀၈ခုနှစ်ကုန်တွင် ၄.၂၁%သာရှိသည်။
ဂျီဒီပီမှာ ၂၀၀၉ခုနှစ်စာရင်းအရ အမေရိကန်ဒေါ်လာ ၉၀.၀၄ ဘီလီယံ ရှိသည်။
ယူနန်ပြည်နယ်သည် ခဲ၊ ကြေးနီ၊ သွပ်၊ သံဖြူ နှင့် အလူမီနီယမ် ထုတ်လုပ်မှု မြင့်မားသော တိုင်းပြည်ဖြစ်သည်။ ကဲကျိုမြို့ (Gejiu) သည် သွပ်တိုင်းပြည် ("the Kingdom of Zinc") ဟု တင်စားရလောက်အောင် သွပ်ထုတ်လုပ်မှု အမြင့်မားဆုံးဖြစ်သည်။ ကြီးမားသောသတ္တုသိုက်များအနေဖြင့် တုန်းချွမ်းခရိုင် (Dongchuan) တွင် ကြေးနီသိုက်၊ ဝူတင်းမြို့ (Wuding) အနီးတွင် သံသတ္တုသိုက်၊ ရွှမ်းဝေမြို့ (Xuanwei) နှင့် ခိုင်းယွမ်မြို့ (Kaiyuan City) အနီးတွင် ကျောက်မီးသွေးသိုက်ကြီးများကို တွေ့ရသည်။
လျှပ်စစ်နှင့်စက်မှုလုပ်ငန်းများသည် ယူနန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးရေးအတွက် ပင်မထောက်တိုင်များ ဖြစ်ကြသည်။ ထွက်ရှိသော လျှပ်စစ်ဓာတ်အား အများစုကို ကွမ်တုန်းပြည်နယ်သို့ ပေးပို့သည်။
၁၉၉၂တွင်တည်ထောင်ခဲ့ပြီး နိုင်ငံတော်အဆင့်မှ စီမံသည်။ ကူမင်းမြို့ အရှေ့ဘက်တွင်တည်ရှိသည်။ ဆေးရွက်ကြီးလုပ်ငန်း၊ စက်ကိရိယာများထုတ်လုပ်ခြင်းလုပ်ငန်း၊ အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ဇီဝနည်းပညာဆိုင်ရာများကို ထုတ်လုပ်သည်။ [11]
၁၉၉၂တွင်တည်ထောင်ခဲ့သည်။ ကူမင်းမြို့ အနောက်မြောက်ဘက်တွင်တည်ရှိသည်။ ၉စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ ကူမင်းဘူတာကြီးမှ ၄ကီလိုမီတာ၊ ကူမင်းလေဆိပ်မှ ၅ကီလိုမီတာအကွာတွင်တည်ရှိသည်။ [12]
နိုင်ငံတော်အဆင့်မှစီမံသည်။ ယယ်ဟုန်ခရိုင်တွင်ပါဝင်သည်။ ၁၉၉၂တွင်ဖွင့်လှစ်သည်။ မြန်မာနိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်သည်။ စက်မှုကုန်ချောများ၊ စိုက်ပျိုးထွက်ကုန်များ၊ ဇီဝရင်းမြစ်များ ရောင်းဝယ်ကြသည်။ ယူနန်ပြည်နယ်၏ မြန်မာပြည်နှင့်ကုန်သွယ်မှုပမာဏမှာ ၁၉၉၉တွင် တစ်ပြည်နယ်လုံးကုန်သွယ်မှုပမာဏ၏ ၇၇.၄% ရှိသည်။ လျှပ်စစ်နှင့်စက်မှုပစ္စည်းများ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၅.၂၈သန်းမျှ ရှိသည်။ အဝတ်အထည်များ၊ စက်ပစ္စည်းများ၊ သစ်သီးများ၊ ဆန်နှင့် ဆေးရွက်ကြီးတို့ ဖြစ်သည်။ [13]
၁၉၉၂တွင်တည်ထောင်ခဲ့သည်။ ဒယ်ဟုတ်ခရိုင်၊ ရွှေလီမြို့နယ်၊ ဝမ်တိန်မြို့တွင်တည်ရှိသည်။ ၆၈စတုရန်းကီလိုမီတာရှိသည်။ မြန်မာနိုင်ငံနှင့် ကုန်ကူးသန်းသည်။ [14]
၁၀၆စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ [15]
၁၉၉၂တွင်တည်ထောင်ခဲ့သည်။ နိုင်ငံတော်အဆင့်မှစီမံသည်။ ဗီယက်နမ်နိုင်ငံနှင့် ကုန်စည်ကူးသန်းသည်။ [17]
အခြေခံတရုတ်စာ အရေးအဖတ်ကို စာမတတ်မြောက်မှုပပျောက်ရေးအတွက် သင်ကြားပေးခဲ့သည်။ သို့ရာတွင် တရုတ်ပြည်၏ စာမတတ်မှုအမြင့်မားဆုံးဒေသများထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။ [18][19]
ယူနန်ပြည်နယ်တွင် နိုင်ငံတော်အဆင့်အထူးတက္ကသိုလ် (National Key University) တစ်ခု ရှိသည်။ ယူနန်တက္ကသိုလ် (Yunnan University) ဖြစ်သည်။ အခြားထင်ရှားသောတက္ကသိုလ်များမှာ အနောက်တောင်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ် (Southwest Forestry University)၊ ယူနန်စိုက်ပျိုးရေးတက္ကသိုလ် (Yunnan Agricultural University)၊ ယူနန်စိုက်ပျိုးရေးကောလိပ် (Yunnan Academy of Agricultural Sciences Archived 12 June 2021 at the Wayback Machine.)၊ ကူမင်းဆေးတက္ကသိုလ် (Kunming Medical University)၊ ယူနန်တရုတ်တိုင်းရင်းဆေးတက္ကသိုလ် (Yunnan University of Traditional Chinese Medicine)၊ ကူမင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ် (Kunming University of Science and Technology) တို့ဖြစ်ကြသည်။
တရုတ်ပြည်၏ ငှက်ဖျားရောဂါ ဖြစ်ပွားမှု၏ ၅၀% ခန့်မှာ ယူနန်ပြည်နယ်တွင် ဖြစ်သည်။ [20]
တရုတ်ပြည်တွင် ပလိပ်ရောဂါ ဖြစ်ပွားမှု၏ စတင်ရာ ဒေသလည်း ဖြစ်သည်။ [21]
ယူနန်ပြည်နယ်၏ ပထမဆုံးသောမီးရထားလမ်းသည် တရုတ်ပြည်တွင်းနှင့်ဖောက်လုပ်ထားခြင်းမဟုတ်ပဲ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုံမြို့ နှင့် ဆက်သွယ်ဖောက်လုပ်ခဲ့ဖြင်းဖြစ်သည်။ အဆိုပါ တရုတ်-ဗီယက်နမ်ရထားလမ်း (Sino-Vietnamese Railway) ကို ပြင်သစ်အင်ဂျင်နီယာများက ဖောက်လုပ်ခဲ့ပြီး လမ်းကျဉ်း အမျိုးအစား ဖြစ်ကာ ၁၉၁၀ခုနှစ်တွင်ပြီးစီးခဲ့သည်။ ကျန်သောတရုတ်ပြည်တွင်းဒေသနှင့်ဆက်သွယ်သော မီးရထားလမ်းများကို နောင်နှစ်ပေါင်း (၅၀)အကြာတွင်မှ ချင်းဒူ-ကူမင်းရထားလမ်း ဖြင့် ပထမဆုံးဖောက်လုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ကူမင်း-ကွေ့ယန်ရထားလမ်းကို ဆက်လက်ဖောက်လုပ်ခဲ့သည်။ ကူမင်း-နန်နင်းရထားလမ်း နှင့် ကူမင်း-စစ်ချွမ်းရထားလမ်းတို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ကူမင်း-တလီရထားလမ်း နှင့် ကူမင်း-လိကျန်းရထားလမ်းတို့မှာ တည်ဆောက်ဆဲဖြစ်သည်။ တလီ-ရွှေလီရထားလမ်းကို ၂၀၀၆ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။ အရှေ့တောင်အာရှတိုင်းပြည်များကို ဖြတ်သန်း၍ ကူမင်းမှ စင်ကာပူအထိဆက်သွယ်မည့် ရထားလမ်းကိုလည်း ၂၀၁၇ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်။
ကူမင်းမြို့သည် မီးရထားလမ်း၊ ကားလမ်းများအားလုံး၏ ဗဟိုချက်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံနှင့်မူ ရထားလမ်းက အဓိကဖြစ်ပြီး မြန်မာနိုင်ငံနှင့်မူ မြန်မာလမ်းမကြီး (Burma Road) ဟူသော ကားလမ်းမှာ ပိုမိုအဓိကကျသည်။
မြန်မာလမ်းမကြီး (Burma Road) တောတောင်ထူထပ်သောဒေသများကို ဖြတ်သန်း၍ လားရှိုးမှတဆင့် ကူမင်းမြို့သို့ ဖောက်လုပ်ထားသော အရှည် ကီလိုမီတာ (၁၁၀၀) ခန့်ရှိသော လမ်းမကြီးဖြစ်သည်။ တရုတ်ပြည်ကို ဂျပန်တို့ ကျူးကျော်ဝင်ရောက်ချိန် ၁၉၃၇တွင် ဖောက်လုပ်ခဲ့ပြီး ၁၉၃၈တွင် ပြီးစီးခဲ့သည်။ ၁၉၃၈မှ ၁၉၄၆အတွင်း ရန်ကုန်မှတဆင့် တရုတ်အစိုးရဆီသို့ ထောက်ပို့လမ်းကြောင်းတစ်ခုဖြစ်ခဲ့သည်။ ထိုးလမ်းကြောင်းသည် ကူမင်းမှတဆင့် ချုံချင့်မြို့အထိဆက်လက်ဖောက်လုပ်ထားသည်။ ဂျပန်တို့က ၁၉၄၂တွင် သိမ်းပိုက်ခဲ့ကြပြီး အိန္ဒိယမှ ဖောက်လုပ်လာသော စတီးဝဲလမ်းကြီး (Stilwell Road) နှင့်ဆက်ကာ နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ လီဒိုမြို့မှ မြန်မာနိုင်ငံသို့ ဆက်သွယ်သော နောင်တွင်စတီးဝဲလမ်းမကြီးဟုခေါ်သည့် လီဒိုလမ်းမကြီး (Ledo Road) ကို ၁၉၄၂တွင် စတင်ဖောက်လုပ်ခဲ့သည်။ ယင်းလမ်းမကြီးသည် ၁၉၄၄တွင် မြစ်ကြီးနားမြို့အထိရောက်ရှိခဲ့ပြီး မြန်မာလမ်းမကြီးနှင့် ဆက်မိသွားသည်။ ယခုအခါလမ်းမကြီး ၂ခုလုံးသည် ယခင်ကကဲ့သို့ အရေးပါမှု မရှိတော့ပဲ ပြုပြင်ထိန်းသိမ်းမှုမရှိပဲ ပျက်စီးလျက် ရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှ တရုတ်နိုင်ငံ ချုံချင့်မြို့အထိ ကီလိုမီတာ ၃၄၀၀ ရှည်သော ကားလမ်းဆက်ကြောင်းတစ်ခုအဖြစ်တော့ ရှိနေဆဲ ဖြစ်သည်။
ဒုတိယတန်းစားအမျိုးသားလမ်းမကြီး ၉၅၈ကီလိုမီတာ၊ တတိယတန်းစား ၇,၅၇၁ ကီလိုမီတာ၊ စတုတ္ထတန်းစား ၅၂,၂၄၈ ကီလိုမီတာ ရှိသည်။ ကူမင်းမြို့မှတဆင့် စစ်ချွမ်း၊ ကွေ့ကျိုး၊ ကွမ်ကျိုး၊ တိဘက် ပြည်နယ်များ အပြင် မြန်မာ၊ လာအို၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံများနှင့်ပါ လမ်းပန်းဆက်သွယ်ရေး ရှိသည်။
ယူနန်ပြည်နယ်ရှိ အမျိုးသားလမ်းမကြီးများမှာ -
ယူနန်ပြည်နယ်နှင့် ကွမ်ရှီးပြည်နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားပြီး ၂၀၀၇ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ စုစုပေါင်းလမ်းအရှည်မှာ ၇၉.၃ကီလိုမီတာရှိပြီး ယခင်က ၃နာရီခွဲသွားရသောခရီးကို ယခုအခါ မိနစ် (၅၀) မျှနှင့် ရောက်ရှိနိုင်သည်။
ယူနန်ပြည်နယ်အတွင်းရှိ အထူးအမြန်လမ်းမကြီးများမှာ -
အများအားဖြင့် မြစ်ချောင်းများသည် သယ်ယူပို့ဆောင်ရေးအတွက် အသုံးမဝင်ပဲ လမ်းပန်းဆက်သွယ်ရေးအတွက် အတားအဆီးများသဖွယ် ဖြစ်နေသည်။ သို့ရာတွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ဆည်များတည်ဆောက်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရန်နှင့် ရေကြောင်းသွားလာနိုင်ရန်အတွက်ပါ ရည်ရွယ်သည်။ ပထမဆုံးသော ဆည်ဖြစ်သည် မန်ဝမ်ဆည် ကို ၁၉၉၃တွင် ဖွင့်လှစ်ခဲ့သည်။
၁၉၉၅တွင် ရေလမ်းကြောင်း ၈၀၇ ကီလိုမီတာ တည်ဆောက်ရန် ယွမ်ငွေ ၁၇၁သန်း ရင်းနှီးမြှုပ်နှံခဲ့သည်။
ကူမင်းမြို့မှ ပြည်တွင်း လေဆိပ် (၂၀)သို့ ပျံသန်းသည်။ ပြည်တွင်းခရီးစဉ်ပြေးဆွဲသော မြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး၊ ချင်းဒူ၊ ဟိုင်းခို၊ ချုံချင့်၊ ရှင်ယန်၊ ဟာ့ရ်ပင်း၊ ဝူဟန့်၊ ရှီးအန်း၊ လန်ကျိုး၊ ဟန်ကျိုး၊ ရှမင်၊ နန်နင်း၊ ရှင်းကျင့်၊ ကွေ့ယန်၊ ချောင်းရှာ၊ ကွေ့လင်၊ လာဆာ နှင့် ဟောင်ကောင်တို့ ဖြစ်ကြသည်။ ပြည်နယ်တွင်းပြေးဆွဲသော ခရီးစဉ် (၁၀)ခု ရှိသည်။ ကူမင်းမြို့မှ ကျင်းဟုန်၊ မန်းရှီ၊ လင်ဆန်း၊ ထင်ချုံး၊ လိကျန်း၊ တလီ၊ ကျုံးတျန့် (ရှန်ဂရီလာ)၊ ကျောင်းထုံး၊ ပေါင်ရှန်း၊ ဖူအာရ် တို့ဖြစ်ကြသည်။ ကူမင်းမြို့မှ နိုင်ငံတကာခရီးစဉ် (၁၀)ခု ရှိသည်။ ဘန်ကောက်၊ ကာလကတ္တား၊ ချင်းမိုင်၊ ရန်ကုန်၊ မန္တလေးမြို့၊ စင်ကာပူ၊ ဆိုးလ်၊ ဟနွိုင်း၊ ဟိုချီမင်း၊ ကွာလာလမ်ပူ နှင့် ဗီယင်ကျန်းမြို့တို့ ဖြစ်ကြသည်။
ကူမင်းမြို့ရှိ ဝူကျားပ လေဆိပ် (Wujiaba Airport) သည် တရုတ်ပြည်တွင် ပထမတန်းစား အဆင့်မြင့်လေဆိပ်ဖြစ်သည်။ လေဆိပ်အသစ်ကိုတည်ဆောက်နေဆဲ ဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ပြီးမည်ဖြစ်သည်။
ယဉ်ကျေးမှု
ယဉ်ကျေးမှုဓလေ့မျိုးစုံတွေ့ရသည်။ ရှေးဟောင်းပစ္စည်းများကို ကူမင်းတောင်ဘက် ကျင်းနင်မြို့ (Jinning) တွင်တွေ့ရသည်။ ယူနန်ပြည်နယ်အရှေ့မြောက်ပိုင်း ကျောင်းထုံးမြို့ (Zhaotong) တွင် ကျင်းမင်းဆက်ခေတ် (Jin Dynasty (265–420)) က နံရံဆေးရေးပန်းချီများကို တွေ့ရသည်။ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution (1966–76) နောက်ပိုင်းတွင် ယီလူမျိုးတို့၏ ကျွန်စနစ် နှင့် ဝလူမျိုးတို့၏ လူသားချင်းခေါင်းဖြတ်သတ်ခြင်းဓလေ့ စသည့် အချို့သော တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့များ ကို ဖျက်သိမ်းခဲ့သည်။
ယူနန်ပြည်နယ်၏ နာမည်ကျော်လက်ဖက်ခြောက်မှာ ဖူးအာရ်လက်ဖက်ခြောက် (Pu-erh tea) ဖြစ်သည်။ ရွှေအပ်လက်ဖက်ခြောက် (Golden Needle tea) နှင့် တျန့်ဟုန်လက်ဖက်ခြောက် (Dian hong tea) တို့မှာလည်း ထင်ရှားသည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသည်။ နှစ်စဉ်အောက်တိုဘာလ အလုပ်ပိတ်ရက်တွင် ပြည်တွင်း ခရီးသည် ၂.၇၅သန်းခန့် လာရောက်လည်ပတ်သည်။
၂၀၀၄ခုနှစ်စာရင်းအရ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ်ငွေ ၃၇ ဘီလီယံ ရရှိသည်။ တစ်ပြည်နယ်လုံ ဂျီဒီပီ၏ ၁၂.၆% ရှိသည်။ အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းဈေးပွဲတော်ကို ကူမင်းမြို့တွင် ၂နှစ်တစ်ကြိမ်ကျင်းပသည်။ အာရှတွင် အစည်ကားဆုံးဈေးပွဲတော်ဖြစ်ပြီး နိုင်ငံပေါင်း ၈၀ကျော်ပါဝင် ဆင်နွှဲကြသည်။
ခရီးသွား လည်ပတ်ရန်နေရာကောင်းများမှာ -
ယူနန်ပြည်နယ် ကျင်းကူမြို့အနီးတွင် ကျင်းပသော ခရီးကြမ်းကားမောင်းပြိုင်ပွဲသည် ထင်ရှားသည်။
ယူနန်ပြည်နယ်၏ နာမည်ကျော်လက်ဖက်ခြောက်မှာ ဖူးအာရ်လက်ဖက်ခြောက် (Pu-erh tea) ဖြစ်သည်။ ရွှေအပ်လက်ဖက်ခြောက် (Golden Needle tea) နှင့် တျန့်ဟုန်လက်ဖက်ခြောက် (Dian hong tea) တို့မှာလည်း ထင်ရှားသည်။
ယူနန်ပြည်နယ်ဂီတ တွင်ကြည့်ရှုရန်။
အပင်မျိုးစိတ်ပေါင်း ၁၅,၀၀ ကျော်ရှိသော ယူနန်ပြည်နယ်သည် ၆၀%ခန့်သော အပင်များကို တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာတွင် အသုံးပြုကြသည်။ ထင်ရှားသောဆေးမှာ ယူနန်ဆေးဖြူ (Yunnan Baiyao) ဖြစ်သည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသည်။ နှစ်စဉ်အောက်တိုဘာလ အလုပ်ပိတ်ရက်တွင် ပြည်တွင်း ခရီးသည် ၂.၇၅သန်းခန့် လာရောက်လည်ပတ်သည်။
၂၀၀၄ခုနှစ်စာရင်းအရ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ်ငွေ ၃၇ ဘီလီယံ ရရှိသည်။ တစ်ပြည်နယ်လုံ ဂျီဒီပီ၏ ၁၂.၆% ရှိသည်။ အပြည်ပြည်ဆိုင်ရာခရီးသွားလုပ်ငန်းဈေးပွဲတော်ကို ကူမင်းမြို့တွင် ၂နှစ်တစ်ကြိမ်ကျင်းပသည်။ အာရှတွင် အစည်ကားဆုံးဈေးပွဲတော်ဖြစ်ပြီး နိုင်ငံပေါင်း ၈၀ကျော်ပါဝင် ဆင်နွှဲကြသည်။
ခရီးသွား လည်ပတ်ရန်နေရာကောင်းများမှာ -
ယူနန်ပြည်နယ် ကျင်းကူမြို့အနီးတွင် ကျင်းပသော ခရီးကြမ်းကားမောင်းပြိုင်ပွဲသည် ထင်ရှားသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.