မြန်မာ့သမိုင်း
မြန်မာလူမျိုးသမိုင်း[ဗမာ] 🇲🇲 Myanmar [Burma] 🇲🇲 / From Wikipedia, the free encyclopedia
မြန်မာ့သမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀၀ ပထမဆုံးလူသားအခြေချနေထိုင်ခဲ့သောကာလမှ ယနေ့ခေတ်အထိ အကျုံးဝင်သည်။ သမိုင်းတင်ခေတ်၏ အစောဆုံးလူသားများသည် တိဗက်ဗမာစကားပြောလူမျိုးများဖြစ်ကြသည်။ သူတို့သည် တောင်ဘက်ပြည်ဒေသအထိ ကျယ်ဝန်းသော ပျူမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည်။
၉ရာစုအစောပိုင်းတွင် အခြားလူမျိုးစုဖြစ်သော ဗမာလူမျိုးတို့သည် ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် ဧရာဝတီမြစ်ဝှမ်းနှင့် ၎င်း၏ အစွန်အဖျားဒေသများကို ပထမဆုံးအကြိမ်အဖြစ် စုစည်း၍ ပုဂံဘုရင့်နိုင်ငံကို ဆက်လက်တည်ထောင်ခဲ့ကြသည်။ ဤကာလအတွင်း ဗမာဘာသာ၊ ဗမာ့ယဉ်ကျေးမှုသည် ပျူဓလေ့တွင် တဖြည်းဖြည်း အစားထိုးဝင်ရောက်လာခဲ့သည်။ ၁၂၈၇ ခု မွန်ဂိုကျူးကျော်စစ်ဖြစ်ပြီးနောက် ဘုရင့်နိုင်ငံငယ်အများအဖြစ် ပြိုကွဲသွားခဲ့ရာ ထိုအထဲတွင် အင်းဝဘုရင့်နိုင်ငံ၊ ဟံသာဝတီဘုရင့်နိုင်ငံ၊ မြောက်ဦးဘုရင့်နိုင်ငံနှင့် ရှမ်းပြည်ထောင်များသည် အဓိကအင်အားစုနိုင်ငံများဖြစ်ခဲ့ကြသည်။ ထိုဘုရင့်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မဟာမိတ်အကူးအပြောင်း၊ စစ်မက်အရေးအခင်းများဖြင့် နိုင်ငံ့ရှုခင်းကို လွှမ်းမိုးခြယ်လှယ်ခဲ့ကြသည်။
၁၆ရာစုအလယ်တွင် တောင်ငူမင်းဆက်(၁၅၁၀-၁၇၅၂)သည် နိုင်ငံကိုပြန်လည်စုစည်း၍ အရှေ့တောင်အာရှသမိုင်းတွင် ကာလတိုအကြီးဆုံးအင်ပါယာကြီးကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတောင်ငူမင်းများသည် အဓိကအုပ်ချုပ်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်း၍ ၁၇ရာစုနှင့် ၁၈ရာစုဦးတွင် ပိုသေးငယ်၊ ပိုငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝသော ဘုရင့်နိုင်ငံကို ပေါ်ပေါက်စေခဲ့သည်။ ၁၈ရာစုအလယ်တွင် ကုန်းဘောင်မင်းဆက်(၁၇၅၂-၁၈၈၅)သည် နိုင်ငံကို ပြန်လည်ထိန်းသိမ်းခဲ့ပြီး အစွန်အဖျားဒေသများတွင် ဗဟိုအုပ်စိုးမှုတိုးမြှင့်ထားသည့် တောင်ငူခေတ်ပြုပြင်ပြောင်းလဲမှုအတိုင်း ဆက်လက်ကျင့်သုံးခဲ့သည်။ ကုန်းဘောင်မင်းဆက်သည် အာရှတိုက်တွင် စာတတ်မြောက်သူဦးရေအများဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်စေခဲ့သည်။ ၎င်းသည် အိမ်နီးချင်းနိုင်ငံအားလုံးနှင့်လည်း စစ်မက်ဆက်လက်ဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်-ဗမာစစ်ပွဲစဉ်(၁၈၂၄-၁၈၈၅)ထိ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုလက်အောက်သို့ ကျရောက်ခဲ့သည်။
ဗြိတိသျှအုပ်ချုပ်မှုသည် များစွာသောရေရှည်တည်တံ့သည့် လူမှုရေး၊စီးပွားရေး၊ယဉ်ကျေးမှု၊အုပ်ချုပ်ရေးပြောင်းလဲမှုများကို ယူဆောင်လာခဲ့ပြီး တစ်ချိန်က လယ်ယာအခြေပြုလူမှုအဖွဲ့အစည်းကို အလုံးစုံပြောင်းလဲစေခဲ့သည်။ ဗြိတိသျှအုပ်ချုပ်မှုသည် နိုင်ငံ၏ များပြားလှသော တိုင်းရင်းသားမျိုးနွယ်စုများအကြား မတူကွဲပြားမှုများကို အသားပေးခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှစ၍ နိုင်ငံသည် နိုင်ငံရေးနှင့်တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော သောင်းကျန်းသူအဖွဲ့များနှင့် ခေတ်အဆက်ဆက်ဗဟိုအစိုးရများအကြား ဖြစ်ပွားခဲ့သော အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်ပွားသောနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ဆဲပင်ဖြစ်သည်။ နိုင်ငံသည် ၁၉၆၂ မှ ၂၀၁၀ အထိနှင့် တစ်ဖန် ၂၀၂၁ မှ ယနေ့အထိ စစ်တပ်၏ အတုအယောင်အမျိုးမျိုးဖြင့် အသွင်ပြောင်းအုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး ဤသို့ သံသရာလည်ဖြစ်စဉ်ကြောင့်ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်လာခဲ့သည်။