မိုက္ကရိုစကုပ်
သိပ္ပံဆိုင်ရာ အထောက်အကူပစ္စည်း / From Wikipedia, the free encyclopedia
ကျွန်ုပ်တို့၏ ခြေလက်အင်္ဂါစသော ကိုယ်ခန္ဓာအစိတ် အပိုင်းများတွင် ကုဋေပေါင်းများစွာသော သာမန်မျက်စိဖြင့်မမြင် နိုင်သော သက်ရှိ သတ္တဝါကလေးများ တရွရွ လှုပ်ရှားလျက်ရှိကြ သည်ဟုပြောလျှင် ယုံကြည်လိုသော်မှ ယုံကြည်ကြပေလိမ့်မည်။ သို့သော် စင်စစ် ထိုသက်ရှိ သတ္တဝါကလေးများ အထင်အရှား ရှိနေကြောင်းကိုကား အဏုကြည့်မှန်ပြောင်းကို တီထွင်နိုင်ပြီ ဖြစ်သဖြင့်သိနိုင်ကြပေပြီ။
ဂရိဘာသာဖြင့် မိုက္ကရို မှာ သေးနုပ်ခြင်း၊ စကုပ် မှာ မြင်တွေ့ခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ မိုက္ကရိုစကုပ်သည် အကြီးချဲ့ မှန်ဘီလူးများဖြင့် စီမံထားသော ကိရိယာတစ်ခုဖြစ်၏။ အကြီးချဲ့မှန်ဘီလူးများကို အလွန်ရှေးကျသော ကာလကပင် လူ များသိခဲ့ကြပြီးလျှင် ထိုမှန်ဘီလူးတို့၏ အကြီးချဲ့နိုင်သည့် သတ္တိ ကို အံ့ဩခဲ့ကြလေသည်။ မှန်ဘီလူးများကို တစ်ခုတည်းမဟုတ်ဘဲ တစ်ခုပေါ်တစ်ခု ထပ်ဆင့်ခြင်းဖြင့် ပိုမိုကြီးမားစွာမြင်နိုင်သော အဏုကြည့်မှန်ပြောင်းကို ခရစ် ၁၅၉ဝ နှင့် ၁၆၁ဝ ပြည့်နှစ်အတွင်းတွင်မှ ကမ္ဘာကျော် နက္ခတ္တဗေဒကဝိကြီး ဖြစ် သော ဂယ်လီလီယို ဆိုသူက ပထမဆုံးစတင်တီထွင် အသုံးပြု ခဲ့လေသည်။ အဝေးကြည့် မှန်ပြောင်းကိုလည်း ထိုပုဂ္ဂိုလ်ကြီးကပင် တီထွင်ခဲ့သည်။ အဝေးကြည့်မှန်ပြောင်းဖြင့် လူ၏ အသိဉာဏ် ဗဟုသုတကိုများစွာ တိုးတက်စေခဲ့သည်မှာ မှန်၏။ သို့သော်အဏုကြည့်မှန်ပြောင်းဖြင့်သာ ကျွန်ုပ်တို့၏ ကျန်းမာမှုတို့သည် များစွာ သက်ဆိုင်ရကား အရေးကြီးသော အသိဉာဏ်ဗဟုသုတ မျိုးကို အဏုကြည့်မှန်ပြောင်းအားဖြင့် ရရှိခဲ့ခြင်းဖြစ်ပေသည်။ ဂယ်လီလီယို နောက် နှစ်ပေါင်း ၂ဝဝ ခန့်အတွင်း အဏုကြည့်မှန်ပြောင်းဖြင့် ဇီဝဗေဒ နှင့် ခန္ဓာဗေဒ ဆိုင်ရာ ဆန်းသစ်သောအချက်အလက်များ ကို သိပ္ပံကဝိကြီးများသည် စောကြောရှာဖွေ တွေ့ရှိခဲ့ကြသည်။
အဏုကြည့်မှန်ပြောင်းသည်လည်း တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့ ၏။ ဟော်လန်နိုင်ငံမှ မျက်မှန်လုပ်ကိုင်သူ ဂျန်ဆင်၏ မှန် ပြောင်းသည် နဂိုဝတ္ထုထက် သုံးဆမျှ ပို၍အကြီးချဲ့ပေးနိုင်သည်။ ခရစ် ၁၆၇၃ ခုနှစ်တွင် ဒပ်ချ်လူမျိုး သိပ္ပံကဝိကြီး လေဗင်ဟွတ် ဆိုသူသည် အဏုကြည့်မှန်ပြောင်းများကို အများအပြား ပြုလုပ်ခဲ့သည့်ပြင် ယင်ကောင်၊ သန်း၊ အလှေးစသော ပိုးမွှားတို့သည် ရှေးက ထင် သကဲ့သို့ သံသေဒဇ ဖြစ်ပေါ်လာကြခြင်း မဟုတ်ဘဲ ဥများမှ ပေါက်ဖွားခြင်း ဖြစ်ကြောင်းကို အခိုင်အမာဖော်ထုတ်ပြသနိုင်ခဲ့ လေသည်။ လေဗင်ဟွတ်ကို အဏုကြည့်မှန်ပြောင်းသိပ္ပံပညာ၏ ဖခင်ကြီး ဟူ၍ ခေါ်ဝေါ်ကြသည်။
ရိုးရိုးအဏုကြည့်မှန်ပြောင်းတွင် တစ်မျိုးတစ်စားတည်းသော မှန် ဘီလူးတစ်ခု၊ သို့မဟုတ် တစ်ခုထက် ပိုမိုသောမှန်ဘီလူးများ ပါဝင်ပြီး ကြည့်ရှုလိုသော အရာဝတ္ထုကို တိုက်ရိုက်ကြည့်ရှုနိုင် သည်။ ရိုးရိုးအဏုကြည့်မှန်ပြောင်းထက် ပိုမိုကောင်းမွန်သော ကွန်ပေါင်း မိုက္ကရိုစကုပ်၏ မှန်ပြောင်းတွင် မှန်ဘီလူးနှစ်မျိုး ပါဝင်သည်။ ပထမ အော့ဗဂျက်တစ် ခေါ် အောက်အဝနားရှိ ပုံဖမ်းမှန်ဘီလူး သည် အရာဝတ္ထု၏ ပြောင်းပြန်အရိပ်ကို အကြီးချဲ့ကာထင်လာ စေသည်။ ဒုတိယအော့ကျူလာခေါ် ကြည့်မှန်ဘီလူးမှာ အထက် အဝဖက်၌ရှိပြီးလျှင် ပုံဖမ်းမှန်ဘီလူးမှ နဂိုအတိုင်းပြန်လည် ပြောင်းလဲ၍ ထွက်လာသော ပြောင်းပြန်အရိပ်ကို ထပ်မံ၍အကြီး ချဲ့ပေးသည်။ ကြည့်မှန်ဘီလူး၏ ဘေးဖက်ရှိ ခလုတ်ဘီးကလေး ကို လှည့်ပေးခြင်းဖြင့် အရာဝတ္ထုကို အနေအထား အမျိုးမျိုးထား ၍ ကြည့်ရှုရန်နှင့် အကွာအဝေးအမျိုးမျိုး၌ ကြည်လင်ပြတ်သား စွာမြင်နိုင်ရန် ချိန်ပေးနိုင်သည်။ မှန်ပြောင်း၌ မိုက္ကရိုမီတာခေါ် အဏုစိတ်တိုင်းတာသည့် ကိရိယာလည်းပါဝင်၍ ထိုကိရိယာဖြင့် ကြည့်ရှုသည့်ဝတ္ထု၏ အတိုင်းအတာကို တိကျစွာတိုင်းတာနိုင်ပေ သည်။
ရိုးရိုး အဏုကြည့်မှန်ပြောင်းသည် အရာဝတ္ထုကို အဆတစ်ရာ လောက်သာ အကြီးချဲ့ပေးနိုင်သည်။ ကွန်ပေါင်းမိုက္ကရိုစကုပ် မူကား အဆပေါင်း ငါးထောင်အထိပင် အကြီးချဲ့ပေးနိုင်စွမ်းရှိ သည်။ အဏုကြည့်မှန်ပြောင်း၏ စွမ်းရည်ကောင်းသည်မှာ ပါဝင်သော မှန်ဘီလူးအစားစား၏ စွမ်းရည်ကြောင့်သာမက ပုံဖမ်းမှန်ဘီလူး နှင့် ကြည့်မှန်ဘီလူးတို့၏ အကွာအဝေးကြောင့်လည်း ဖြစ်နိုင် ပေသည်။
အရာဝတ္ထုတစ်ခုခုကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုလိုလျှင် အရာဝတ္ထုကို ဖန်ချပ်ငယ်နှစ်ခုအကြား၌ ညှပ်၍ မှန်ပြောင်း၏ ပြောင်းလုံး ပြွန်အောက် တည့်တည့်၌ ထားရသည်။ ထိုအပေါ်သို့ တောက်ပသော အလင်းရောင် ထိုးပေးထားရသည်။ ထို့နောက် အလင်းဆုံချက် အကွာအဝေးမှန်ကန်၍ ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန် အထက်ဖော်ပြခဲ့သည့်အတိုင်း ပြုပြင်ပေးရသည်။ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုသောအခါ၌ နောက်ကျိသော ရေအိုင် တစ်ခုမှ ရေတစ်စက်မှာ ကန်ကြီးတစ်ခုသဖွယ် ဖြစ်နေလျက် ထိုရေစက်အထဲ၌ ဆန်းပြားလှသော အကောင်ငယ်ကလေးများ ကူးသန်းလှုပ်ရှားလျက် ရှိကြသည်ကို တွေ့နိုင်သည်။ ပျားငယ် တစ်ကောင်၏ ရှေ့ခြေထောက်မှ အမွေးအမှင်များကိုပင် တွေ့မြင် စစ်ဆေးနိုင်သည်။ ကျွန်ုပ်တို့၏ ကမ္ဘာကြီးအတွင်း သာမန် မျက်စိဖြင့် မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သောပိုးမွှား များမှာ အလွန်များပြားပေသည်။ လူတစ်ယောက်၏ ကိုယ်ခန္ဓာ အတွင်းအပြင်၌ ရှိသော ပိုးမွှားများ၏ အရေအတွက်သည် ကမ္ဘာ ပေါ်၌ ကမ္ဘာဦးမှစ၍ ယနေ့တိုင် နေထိုင်ခဲ့ကြသော လူဦးရေ ထက် ပို၍ များပြားလေသည်။
ထိုပိုးမွှားတို့၏အကြောင်းကို သိရှိနားလည်ရန်မှာ လွန် စွာအရေးကြီးပေသည်။ ယင်းတို့မရှိလျှင် အသက်ရှင်လျက်နေနိုင် ကြမည်မဟုတ်ပေ။ အချို့ပိုးမွှားများမှာ မကောင်းသောပိုးမွှားဖြစ် ၍ ကျွန်ုပ်တို့ကို ဖျားအောင်သော်လည်းကောင်း၊ သေအောင် သော်လည်းကောင်း၊ ပြုလုပ်နိုင်ကြသည်။ အခြားပိုးမွှားတို့မှာ မကောင်းသောပိုးမွှားတို့ကို သတ်ပစ်ကြသဖြင့် ကျွန်ုပ်တို့၏ကျေးဇူးရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘေးဥပဒ် ဖြစ်စေသည့် မကောင်းသောပိုးမွှားတို့အား နိုင်နင်းစေရန်နှင့် ကောင်းသောပိုးမွှားတို့အား မည်သို့ပြုစုဂရုစိုက်ရမည်ကို ရှာဖွေ ကြံဆနိုင်ခဲ့ကြသည်။ အဏုကြည့်မှန်ပြောင်းသာ မပေါ်ပေါက်ခဲ့လျှင် ဤသို့ ကြံစည်နိုင်ခဲ့ကြမည် မဟုတ်ပေ။ ယခုမူ အဏုကြည့်မှန်ပြောင်းမှ ရရှိသောကျေးဇူးများကြောင့် များစွာသော ကြောက်မက်ဖွယ်ကောင်းသည့် ရောဂါဆိုးတို့ကိုပင် ပပျောက်ကင်းဝေးစေနိုင်ခဲ့ပြီ ဖြစ်သည်။ အဏုကြည့်မှန်ပြောင်း၏ အကျိုးကျေးဇူးများမှာ ဤမျှသာမကသေး၊ သွန်းလုပ်နေသော သတ္တု၏အမှုန်ကလေးများတွင်ပင် မည်သို့ဖြစ်နေသည်ကို သိနိုင်လာသဖြင့် အလွန်ခိုင်ခံ့ အသုံးဝင် လှသော သံမဏိကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။ စက္ကူလုပ်ငန်း၊ ဆေးဆိုးလုပ်ငန်းတို့နှင့် အစားအသောက်များ သန့်မသန့်စစ် ဆေးရန် စသောလုပ်ငန်းအများအပြားတွင်လည်း အဏုကြည့်မှန်ပြောင်းက ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အဏုကြည့်မှန်ပြောင်းသည် ထိုမျှ စွမ်းရည်သတ္တိရှိနေပြီးဖြစ်သော်လည်း စကြဝဠာအတွင်းရှိ အရာဝတ္ထုဟူသမျှ အားလုံးကိုကား မမြင်နိုင်သေးပေ။ အရာဝတ္ထုတစ်ခုကို မြင်ရခြင်းမှာ အလင်း ဆိုင်ရာ သိပ္ပံပညာအရ အရာဝတ္ထုမှ အလင်းလှိုင်း ပြန်လည် ရိုက်ဟပ်သည်ကို မြင်ရခြင်းဖြစ်သည်။ ပုံပမာ ကျောက်စရစ်ခဲ ငယ်ကလေးသည် ပင်လယ်ဒီလှိုင်း၌ မည်သို့မျှ အရာမထင်စေ သကဲ့သို့ မော်လီကျူး၊ အဏုမြူ၊ ဓာတ်ဖိုမှုန်တို့သည် အလင်းလှိုင်းအလျားထက် များစွာသေးငယ်လှသဖြင့် အလင်း လှိုင်းများကို ပြန်လည်ရိုက်ဟပ်ခြင်း မပြုလုပ်နိုင်ကြချေ။ ထို့ကြောင့် မော်လီကျူး၊ အက်တမ်၊ အီလက်ထရွန်တို့ကို မိုက္ကရို စကုပ်ဖြင့် မမြင်စွမ်းနိုင်သေးပေ။ သို့ရာတွင် ထိုမြူမှုန်တို့၏ ပုံ သဏ္ဌာန်နှင့် အရွယ်တို့ကို တိကျစွာ မသိနိုင် သေးသော်လည်း ယင်းတို့၏ အရိပ်အရောင်ကိုမူ အာလ်ထရာမိုက္ကရိုစကုပ်ခေါ် နောက်ဆုံး ဆန်းသစ်တိုးတက်လာသော မိုက္ကရိုစကုပ်တစ်မျိုးဖြင့် တွေ့နိုင်ပြီဖြစ်သည်။ ထိုမြူမှုန်တို့သည် အလင်းလှိုင်းအား ပြန် လည်မရိုက်ဟပ်နိုင်သည့်တိုင်အောင် ပတ်ဝန်းကျင်သို့ အလင်း လှိုင်းအား ကျဲဖြန့် သွားစေနိုင်သည်။ အနက်ရောင်နောက်ခံပေါ်၌ ထိုမြူမှုန်တို့မှ ကျဲပြန့်ထွက်လာသော အလင်းလှိုင်းကို တောက် ပသည့် အစက်ငယ်ကလေးသဖွယ် မြင်နိုင်ပေသည်။ အလွန် ကောင်းသော ရိုးရိုးမိုက္ကရိုစကုပ်ဖြင့် အချင်းမိုက်ကရွန် အနည်း ငယ်မျှရှိသောအရာတို့ကို မြင်နိုင်၍ အာလထြာ မိုက္ကရိုစကုပ်ဖြင့် ဆိုလျှင် မိုက်ကရွန်၏ တစ်ထောင်ပုံတစ်ပုံအောက်ထက် သေး ငယ်သောအရာတို့ကို မြင်နိုင်ပေသည်။ မိုက်ကရွန် တစ်ခုသည် ၁/၂၅ဝဝဝ လက်မနှင့် ညီမျှ၏။ မိုက္ကရိုစကုပ်တွင်အသုံးပြုသော မှန်ဘီလူးများနှင့် စပ် လျဉ်း၍ ဖြစ်ပေါ်သောချွတ်ယွင်းချက်များကို ယခုအခါ ပြင်ဆင် နိုင်ပြီဖြစ်၏။ မှန်ဘီလူးများကို ဖလင့်ဖန်ဖြင့် ပြုလုပ်သော မှန် ဘီလူးများနှင့် ကရောင်းဖန်ဖြင့်ပြုလုပ်သော မှန်ဘီလူးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကောင်းမွန်စေခဲ့ပြီဖြစ်သည်။ ယခု အခါတွင် မိုက္ကရိုစကုပ်များဖြင့် ရုပ်သေဓာတ်ပုံများကိုသာမက ရုပ်ရှင်ဓာတ်ကားများပင် ရိုက်ကူးပြသနိုင်ပြီဖြစ်သည်။