![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/24/Tomb_of_Cyrus_the_Great.jpg/640px-Tomb_of_Cyrus_the_Great.jpg&w=640&q=50)
မဟာဆိုင်းရပ်စ်
From Wikipedia, the free encyclopedia
မဟာဆိုင်းရပ်စ် (အင်္ဂလိပ်: Cyrus the Great; ပါရှန် အဟောင်း: 𐎤𐎢𐎽𐎢𐏁 Kūruš; ဘီစီ ၅၉၀-ဘီစီ ၅၂၉) သည် ပါရှန်းလူမျိုးတို့၏ ဖခင်ကြီးဟူ၍လည်းကောင်း၊ ဂျူးလူမျိုးတို့၏ ကယ်တင်ရှင် ကုရုမင်းကြီး ဟူ၍လည်းကောင်း၊ ဆိုင်းရပ်- သ-ဂရိတ်(ဆိုင်းရပ်မင်း တရားကြီး/မဟာဆိုင်းရပ်စ်) ဟူ၍လည်းကောင်း ရှေးဟောင်းရာဇဝင်သမိုင်း အစောင်စောင် တို့တွင် ဂုဏ်ပြုချီးကျူးမှတ်တမ်းတင်ခံခဲ့ရသည်။ သူသည် ပါရှား အင်ပါယာကြီးကို တည်ထောင်စည်းရုံးခဲ့သူ ဖြစ်သည်။
ဆိုင်းရပ်စ်ကို အီရန်အနောက်တောင်ပိုင်းရှိ ဖာရ်စစ်နယ်(ယနေ့ဖားစ်နယ်)တွင် ဒေသခံပဒေသရာဇ်ဖြစ်သူ ကမ္ဘီစက် (ကမ္ဗုဇိယမင်း) မှ ဆင်းသက်ဖွားမြင်သည်။ ဆိုင်းရပ်စ်၏ မူလပါရှန်းအသံထွက်ဖြင့် အမည်မှာ ကူရုၐ်/ကူရုသျှ် ဖြစ်သည်။ သူမွေးဖွားစဉ်က ထိုဒေသမှာ ဖိဒ်စ်အင်ပါယာ၏ လက်အောက်ခံ ပဒေသရာဇ်နယ်လေးသာဖြစ်သည်။
ငယ်စဉ်ဘဝကို ကောင်းစွာမသိရသော်လည်း ပုံပြင်ဆန်ဆန် လူပြောများသည် ဇာတ်လမ်းအရ အဘိုးဖြစ်သူက မြေးကိုယ်ဝန်ဆောင်ချိန်တွင် နိမိတ်များမြင်ပြီး နောင်တစ်ချိန်တွင် မိမိအားပျက်စီးစေမည့် မျိုးဆက်ဟု ဆိုကာသတ်ရန် စေခိုင်းခဲ့သည်။ သို့သော် မင်းစေက မရက်စက်လိုသဖြင့် သိုးခြံ၀တွင် စွန့်ပစ်ထားခဲ့ပြီး သိုးထိန်း လင်မယား၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့သည် ဟုဆိုသည်။ သို့သော် သမိုင်းပညာရှင်များက ထိုဇာတ်လမ်းကို လက်မခံကြပေ။
သူ၏မိဘမျိုးရိုး၊ သူ၏ငယ်စဉ် အကြောင်းအရာများမှာ ရှေးဟောင်းဒဏ္ဍာရီပုံပြင်များဖြင့် ရော ထွေး၍ နေခြင်းကြောင့် ကျွန်ုပ်တို့ တိကျမှန်ကန်စွာ သိရှိရန် များစွာခဲယဉ်းလေသည်။ သို့သော် ဆိုင်းရပ်သည် ပါရှန်းလူမျိုး ဖြစ်၍၊ ပါရှန်းနိုင်ငံတော်ကြီးကို တည်ထောင် စည်းရုံးခဲ့သည်မှာ ကား အမှန်ပင်ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/24/Tomb_of_Cyrus_the_Great.jpg/640px-Tomb_of_Cyrus_the_Great.jpg)
အရွယ်ရောက်လျှင် ဖခင်ထံမှ အရိုက်အရာကိုဆက်ခံပြီး မိဒ်စ်အင်ပါယာ၏ ဧကရာဇ်၏ လက်အောက်ခံအဖြစ် ဆက်လက်ရပ်တည်နေခဲ့ရာမှ ဘီစီ၅၅၃တွင် ပုန်ကန်ပြီး သုံးနှစ်အကြာတွင် အောင်မြင်ပြီး ပါရှားအင်ပါယာကို တည်ထောင်သည်။ ဖိဒ်စ် နှင့် ပါရှားတို့မှာ လူမျိုးအားဖြင့်၊ ဘာသာစကားအားဖြင့် များစွာကွာခြားသည်မဟုတ်သဖြင့် ဆိုင်းရပ်စ် အနေဖြင့်လည်း ဖိဒ်စ်တို့၏ ဥပဒေ နှင့် အုပ်ချုပ်ရေးစနစ်တို့ကို ဆက်လက်ကျင့်သုံးသည်။ ထို့ကြောင့် လက်အောက်ခံတို့က မည်သည့်မကျေနပ်မှုမှ မပြဘဲ တိုင်းပြည်အတွင်း မင်းပြောင်းမင်းလွဲဖြစ်သည် ဟုသာ သဘောထားကြသည်။
ဧကရာဇ်အဖြစ်ကိုရလျှင် နယ်ပယ်ချဲ့ထွင်ရေးကို စတင်ရန်အားထုတ်သည်။ ရှေးဦးစွာ အနောက်ဘက်ရှိ လီဒီးယားအင်ပါယာ ကိုတိုက်ခိုက်သည်။ ထိုအင်ပါယာမှ ဘုရင်ကရီးဆပ်သည် ချမ်းသာကြွယ်၀ပြီး အထူးသဖြင့် ရွှေအလွန်ပေါသည် ဟုကြော်ကြားသည်။ ဘီစီ ၅၄၆တွင် လီဒီးယားအင်ပါယာကို အောင်နိုင်သည်။
ဘီစီ ၅၃၉ ခုနှစ်တွင် ဘေဘီလုံ နိုင်ငံကိုလည်းဆက်လက်၍ အောင်မြင်ခဲ့၏။ ဖီနီးရှန်း နိုင်ငံနှင့် ပါလက်စတိုင်း နိုင်ငံများကိုလည်း နှိမ်နင်းအောင်မြင်ခဲ့ ၍ ဆိုင်းရပ်သည် ယဟူဒီ(ဂျူး)လူမျိုးများအား ကယ်တင်စောင့်ရှောက် ခဲ့၏။
ထိုနောက် အရှေ့ဘက်သို့လှည့်ပြီး စစ်ပွဲများစွာတိုက်ခိုက်အောင်မြင်ကာ ဘီစီ ၅၄၀တွင် အီရန်တစ်ခုလုံးကိုရပြီး သူ၏အင်ပါယာမှာလည်း အနောက်ဘက် မှ အရှေ့ဘက် အိန္ဒိယ၊ ဗဟိုအာရှ ဒေသများအထိကျယ်ပြန့်လာခဲ့သည်။ ထိုသို့အရှေ့နှင့်အနောက်တွင် ရန်သူများကိုအောင်နိုင်ပြီးနောက် အချမ်းသာဆုံးဖြစ်သည့် ဘေဘီလုံနိုင်ငံကို တိုက်ခိုက်တော့သည်။ ဘေဘီလုံဘုရင် နဗိုနိဒပ်စ်မှာ ပြည်သူတို့၏ ချစ်ခင်မှုကိုမရသဖြင့် ဘေဘီလုံစစ်တပ်များက မတိုက်ဘဲ လက်နက်ချသောကြောင့် ဓားမကျိုးလှံမခွေဘဲ ဘေဘီလုံကိုရလေသည်။ သို့ဖြင့် ဘေဘီလုံလက်အောက်ရှိ ဆီးရီးယားနှင့် ပါလက်စတိုင်း ဒေသများကိုပါရသည်။
ဆိုင်းရပ်စ်၏ ဘုန်းတန်ခိုးကြီးများပုံကား ထိုမျှမကသေး ချေ။ အာရှတိုက်တွင်လည်း ဟဲလက်စပွန့်မှ အိန္ဒိယနယ်စပ် အထိ ကြီးစိုးမင်းမူခဲ့သေးသည်။
ထိုမှ နှစ်အတန်ကြာ မိမိ၏သိမ်းပိုက်နယ်ပယ်များအတွင်း အခြေခိုင်ရန်အားထုတ်ကြိုးပမ်းပြီးနောက် စစ်တပ်ကိုဦးဆောင်ကာ အရှေ့မြောက်ဘက်ရှိ ကပ်စပီယံပင်လယ်မှ ဗဟိုအာရှတိုင်အောင် လှည့်လည်သွားလာလျက် ရှိသည့် မက်စဂီတေး လူမျိုးစုများကို တိုက်ခိုက်သည်။ သို့သော် ၅၂၉တွင် ဖြစ်ပွားသည့် ကက်စပီယန်ပင်လယ်၏ အရှေ့မြောက်ဘက်၌ နေထိုင်သည့် စီသီယားလူမျိုးများနှင့် တိုက်ခိုက်သော ဒုတိယ စစ်ပွဲ၌ ပါရှားတပ်များ ရှုံးသလို ဆိုင်းရပ်စ်ကျဆုံးသွားခဲ့သည်။