မန္တလေး (ကဗျာ)
From Wikipedia, the free encyclopedia
"မန္တလေး"ကဗျာသည် ရတ်ဒ်ယတ် ကစ်ပလင် ဖွဲ့ဆိုခဲ့၍ ၁၈၉၀ တွင်[မှတ်စု 1] စတင်ထုတ်ဝေခဲ့ကာ ၁၈၉၂ တွင် ထွက်ရှိသော "စစ်တန်းလျားမှ ဇာတ်လမ်းကဗျာများနှင့် အခြားကဗျာများ" (Barrack-Room Ballads, and Other Verses) တွင်လည်း ပါဝင်ခဲ့သည်။ ကဗျာသည် ရှေးယခင် ဗြိတိသျှ-အိန္ဒိယနယ်မြေ၏ အပိုင်းဖြစ်သော ကိုလိုနီခေတ်မြန်မာနိုင်ငံ (ယခင်အသုံး - ဗမာ) ကို ဇာတ်အိမ်တည်၍ ဖွဲ့ဆိုထားသည်။ ကဗျာတွင်ပါဝင်သော ဇာတ်ကောင်သည် လန်ဒန်အရှေ့ပိုင်းသား (Cockney- ကော့ခ်နီ) အလုပ်သမားလူတန်းစား စစ်သားတစ်ဦး၏ ငြီးငွေ့ဖွယ် ကျပ်ကျပ်တည်းတည်းဖြစ်နေရှာသော လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိအပြီး မြန်မာ့မြေတွင် လွတ်လွတ်လပ်လပ်ရှိခဲ့ပုံ၊ မြန်မာမိန်းကလေးတစ်ဦးနှင့် ချစ်သူဖြစ်ခဲ့ပုံများကို ပြန်ပြောင်းအောက်မေ့သည့်ပုံစံ၊ ယခုတွင် အလွန်အလှမ်းကွာဝေး၍ မရောက်နိုင်တော့ပြီဖြစ်ကြောင်းကို ပုံဖော်ပြောပြသည့် ကဗျာဖြစ်သည်။[2]
ကဗျာသည် လူသိများထင်ရှားလာခဲ့၏ ။ အထူးသဖြင့် ဤကဗျာကို အိုလီ စပိ(ခ်စ်) (Oley Speaks) က ၁၉၀၇ တွင် ဂီတအဖြစ်ဖန်တီးလိုက်သည့်နောက် ပို၍ လူသိများလာခဲ့သည်။[3] ကဗျာကို ကစ်ပလင်၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များက နှစ်ခြိုက်ခဲ့ကြပေသည်။ သို့ရာ၌ အချို့သူများက ကဗျာတွင်ပါဝင်သော တည်နေရာများ၏ ကမောက်ကမဖြစ်မှုနေမှုကိုကား ကန့်ကွက်ပြောဆိုမှုများရှိကြ၏ ။[4] ကဗျာကို "ဗြိတိသျှအင်ပါယာဘက်တိမ်းသော ဖွဲ့နွဲ့ရေးစပ်မှု" ဟူ၍ ဝေဖန်ခံရခဲ့သော်လည်း[5] များမကြာမီအချိန်က ကစ်ပလင်၏ အတ္ထုပ္ပတ္တိရေးသူ ဆာ ဒေးဗစ် ဂီလ်မောရ် (Sir David Gilmour) နှင့် အခြားသူများက ထိုသို့မဟုတ်ကြောင်း ခုခံချေပသည်။ အခြားဝေဖန်ရေးဆရာများက ကဗျာတွင်ပါရှိသော ကြောင်းရာများကို ထွေလာဆန်းပြားသည့် ကာမရမက်ဆန်သည်၊ ဝိတိုရိယခေတ်၏ လိင်ပိုင်းဆိုင်ရာအရေးအသားဖြစ်သည်၊ ချစ်မှုရေးရာအဖွဲ့ဖြစ်သည်၊ အဆင့်အတန်း၊ ရာထူးအာဏာ၊ ကျားမ ခွဲခြားမှုပါဝင်သည် ဟူ၍ခွဲခြားဖော်ပြကြသည်။[2][6]
စပိ(ခ်စ်)၏ ဂီတတေးသွားနှင့်အတူ သီချင်းကို အမေရိကန်အဆိုတော် ဖရန့်ခ် ဆင်နားတာက ကဗျာပါ "girl" နေရာတွင် "broad" ဟူ၍ ပြောင်းလဲသီဆိုထားကာ ထိုပြောင်းလဲမှုကို ကစ်ပလင်မိသားစုက မနှစ်ခြိုက်ခဲ့ကြပေ။ ကာ့တ် ဗာယီလ် (Kurt Weill) က ဂီတသံစဉ်ထည့်ကာ ဘားတော့(လ်တ်) ဘရက်(ချ်တ်) (Bertolt Brecht) စာသားထည့်သွင်းထားသော မန္တလေးသီချင်း (Mandalay Song) သည်လည်း ဤကဗျာကို ရည်ညွှန်းသီဆိုခြင်းပင်ဖြစ်သည်။