![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/33/Bermuda_Triangle.png/640px-Bermuda_Triangle.png&w=640&q=50)
ဘာမြူဒါ တြိဂံ
From Wikipedia, the free encyclopedia
ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/33/Bermuda_Triangle.png/320px-Bermuda_Triangle.png)
ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင် မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။ မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ အသေအချာမသိသေးပါ။
အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ သုတေသီ လောရင့် ဒေးဗစ် ကူရှေး (Lawrence David Kushe) သည် သုတေသနပြုလုပ်ပြီးနောက် The Bermuda Triangle Mystery: Solved (1975) စာအုပ်ကို ရေးသားခဲ့ပြီး မှတ်ချက်ချလိုက်သည်မှာ ထိုနေရာတွင် သင်္ဘော၊ လေယာဉ်များ အရေအတွက်များစွာပျောက်ဆုံးခဲ့သည်မှာ ထိုဒေသတွင် မုန်တိုင်းတစ်ခုရှိနေခြင်းဖြစ်နိုင်သည်။ ထိုနေရာ တဝိုက်မှာ အမြဲမုန်တိုင်းရှိနေတတ်သည်။ အချို့လေယာဉ်များက ပျောက်ဆုံးသွားသည်ဟု ပြောကြသော်လည်း ကောလာဟလသာဖြစ်၍ အမှန်တကယ် ပျောက်ဆုံးခြင်းမရှိဟု ဆိုထားသည်။
သဘာဝကျကျ တွေးကြည့်မည်ဆိုလျှင် ရေမုန်တိုင်းများ ဖြစ်နိုင်သည်။ ရေနွေးစီးကြောင်းများလည်း ဖြစ်နိုင်သည်။ (ရေနွေးစီးကြောင်းများသည် ပင်လယ်ပေါ်မှာ ပေါ်နေသည့် အရာများကို သယ်ဆောင်သွားနိုင်သည်ဟု ဆိုသည်) ထို့အပြင် ပင်လယ်ပြင်တွင် တစ်ချက်တစ်ချက် မုန်တိုင်းကြီးများ ဖြစ်ပေါ်တတ်ပြီး သင်္ဘောများ မြုပ်သွားခြင်းလည်း ဖြစ်နိုင်သည်။ အခြားတွေးရန် အချက်မှာ ထိုနေရာရှိ ကမ္ဘာ့ဆွဲငင်အားမှာ ထူးခြားမှုတစ်စုံတစ်ရာ ရှိနေခြင်းပင်ဖြစ်သည်။ သို့သော် ထိုအချက်ကို သက်သေမပြနိုင်ပေ။
ထိုနေရာ တစ်ဝိုက်အရောက်တွင် ပျောက်သွားသော သင်္ဘောနှင့် လေယာဉ် အများအပြားပင်ရှိသည်။ ပထမကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သင်္ဘောလည်း ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ အမေရိကန်ရေတပ်၏အဆိုအရ ထိုနေရာသည် အမေရိကန် ပထဝီဆိုင်ရာ နာမည်သတ်မှတ်ချက်တွင် မရှိဟုဆိုသည်။.[1]