ပျား
From Wikipedia, the free encyclopedia
"ပျားကို ပုံပြု၊ ခြကိုတု၊ ရမှုဥစ္စာ၊ ရတနာ" ဟူ၍လည်းကောင်း၊ "သင်ကြားပညာ၊ ပစ္စည်းရှာ၊ ပမာပျားသဏ္ဌာန်"ဟူ၍ လည်းကောင်း ဆိုရိုးရှိခဲ့သည်။ ပညာကိုဖြစ်စေ၊ ဥစ္စာကို ဖြစ်စေ ရှာဖွေစုဆောင်းသူတို့သည် ခြကောင်နှင့် ပျားကောင်များကို အတုယူကာ အနည်းငယ် ဖြစ်စေကာမူ မပျောက်မပျက်အောင် တဖြည်းဖြည်း စုဆောင်းထားပါက နောင်ပညာရှိကြီး ဥစ္စာရှင်ကြီးအဖြစ်သို့ ရောက်နိုင်ကြပေမည် ဖြစ်သည်။ ပျားတို့သည် အင်းဆက်ပိုးမျှသာဖြစ်သော်လည်း အုံဖွဲ့ပုံ၊ ဝေကျပုံတာဝန်ကို အသီးအသီးမတွယ်ကပ်ဘဲ ထမ်းဆောင်ကြပုံတို့မှာ စံနစ်တကျရှိလှသဖြင့် အင်းဆက်ပိုးအပေါင်းတို့တွင် အလွန်မှတ်သားနည်းယူဖွယ်ရာ ကောင်းပေသည်။ မြန်မာနိုင်ငံတွင် ပျားကြီး၊ ယင်းပျား၊ သစ်ခေါင်းပျား၊ ခွေးလှေးပျားနှင့် မွေးလိမ်ပျားဟူ၍ ပျားငါးမျိုးအထင်အရှား ရှိလေသည်။ ထိုပျားများအနက် ပျားကြီး၊ ယင်းပျားနှင့်သစ်ခေါင်းပျားများမှ ပျားရည် အမြောက်အမြား ရရှိကြ၏။ ယင်းပျားအုံများကို တခါတရံ မြို့တွင်း၌ပင် တွေ့ရှိရတတ်၍၊ ပျားကြီးအုံများကိုမူ တောနက်တွင်းရှိ သစ်ပင်မြင့်များပေါ်၌သာ တွေ့ရတတ်သည်။
ပျား | |
---|---|
The sugarbag bee, Tetragonula carbonaria | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်း: | Insecta |
မျိုးစဉ်: | Hymenoptera |
(unranked): | Unicalcarida |
မျိုးစဉ်သေး: | Apocrita |
Superfamily: | Apoidea |
Clade: | Anthophila |
Families | |
Synonyms | |
Apiformes (from Latin 'apis') |
ပျားသည် ဟိုင်မင်နော့တာရာမျိုးစဉ်ဝင် အတောင်လေးခုရှိသော တုတ်တတ်သည့် အင်းဆက်ပိုးမျိုးဖြစ်သည်။ သားငယ်များအတွက် အလွန်အစာသိုလှောင်ကောင်းသဖြင့် ထင်ရှားသည်။ လူတို့ကဲ့သို့ပင် အဆောက်အအုံဖွဲ့၍ စုပေါင်းနေထိုင်တတ်ကြ၏။ မိမိတို့၏နေအိမ် ပျားအုံများကို ဆောက်ရာ၌ အထူးပင် ကျွမ်းကျင်လှပေသည်။ အင်းဆက်ပိုးများအနက် ပျားများသည် လူများအဖို့ အလွန်အသုံးကျသော အင်းဆက်ပိုးဖြစ်သည်။ ပျားရည်ကို ပေးရုံမက အပင်များကို တစ်ပင်နှင့်တစ်ပင် မျိုးကူးစေသဖြင့် အသီးဖွံ့ဖြိုးစေသည်။