ပင်လယ်ဖျံ
From Wikipedia, the free encyclopedia
ပင်လယ်ဖျံ (Pinniped or Seal) သည် ကမ္ဘာအနှံ့တွင် နေထိုင်သော အသားစားသတ္တဝါတမျိုးဖြစ်ပြီး ရေယက်ပါခြေထောက်များရှိသည်။ ကုန်းနေရေနေ ရေငန်နေ နို့တိုက်သတ္တဝါလည်း ဖြစ်သည်။ အစွယ်ရှည်ဖျံ၊ နားရွက်ရှည်ဖျံ၊ နားရွက်တိုဖျံဟူ၍ အသွင်အပြင်အရခွဲနိုင်သော မျိုးကွဲ ၃ ခု ရှိသည်။ အသေးစိတ်ထပ်ခွဲပါက ၃၃ မျိုးရှိပြီး ကျောက်ဖြစ်ရုပ်ကြွင်းများအရ အမျိုး ၅၀ အထိ ရှိခဲ့ဖူးသည်။ ဖျံတို့မှာ မူလမျိုးရင်း ၂ ခုမှ ကွဲပြားပေါက်ဖွားလာကြောင်း သမိုင်းစဉ်ဆက် ထင်မြင်ခဲ့ကြသော်လည်း မော်လီကျူးမှပြသော သက်သေတို့အရ အသားစား နို့တိုက်သတ္တဝါမျိုး မူစတယ်လွိုက်မှ ဆင်းသက်လာသည်ဟု သိရသည်။ ယင်းမျိုးစုမှ လွန်ခဲ့သော နှစ် သန်း ၅၀၀ ခန့်က ကွဲထွက်လာခြင်းတည်း။
ပင်လယ်ဖျံ (Pinnipeds (or) Seals) | |
---|---|
Clockwise from top left: en:New Zealand fur seal (Arctocephalus forsteri), en:southern elephant seal (Mirounga leonina), en:Steller sea lion (Eumetopias jubatus), en:walrus (Odobenus rosmarus) and en:grey seal (Halichoerus grypus) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Clade: | Pinnipedimorpha |
Clade: | Pinnipediformes |
Clade: | Pinnipedia Illiger, 1811[1] |
Subclades | |
| |
Range map |
ဖျံတို့သည် အလျား ၁ မီတာ (၃ ပေ ၃ လက်မ)၊ အလေးချိန် ၄၅ ကီလို (၉၉ ပေါင်) ရှိသော ဘိုင်ကယ်ဖျံတို့မှသည် အလျား ၅ မီတာ (၁၆ ပေ)၊ အလေးချိန် ၃၂၀၀ ကီလို (ပေါင် ၇၁၀၀) ရှိသည့် တောင်ပိုင်းဆင်ဖျံအထီးတို့အထိ အစားစားရှိ၏။ ဖျံမျိုးစိတ်အားလုံး ဖိုမသဏ္ဌာန်ကွဲသည်။ ခပ်စင်းစင်းကိုယ်ရှိပြီး ခြေ ၄ ဘက်ဖြင့် အလျားလိုက်ကူးနိုင်အောင် ပြုပြင်ထားသည်။ ရေထဲတွင် လင်းပိုင်မျှ မမြန်သော်လည်း အတော်ပင် သက်လုံကောင်းကောင်းနှင့် ဖျတ်ဖျတ်လတ်လတ်ကူးနိုင်သည်။ နားရွက်ရှည်ဖျံတို့မှာ ရှေ့ခြေဖြင့် အဓိကယက်သည်။ ကျန် ၂ မျိုးတို့က နောက်ခြေကို အားပြုသည်။ အစွယ်ရှည်ဖျံနှင့် နားရွက်ရှည်ဖျံတို့သည် ကုန်းပေါ်တက်ပါက နောက်ခြေကို ကိုယ်အောက်၌ထည့်ကာ ကုန်းနေသတ္တဝါများ ခြေလှမ်းသကဲ့သို့ သွားတတ်သည်။ သို့ဖြစ်ရာ ယှဉ်ကြည့်ပါက နားရွက်တိုဖျံတို့ ကုန်း၌ လမ်းလျှောက်လျှင် ကြည့်ရဆိုးသည်။ နားရွက်ရှည်ဖျံတမျိုးသာ မြင်သာသောနားရွက်ရှိသည်။ ဖျံတို့သည် အာရုံခံကောင်းပြီး အမြင်အကြားအာရုံမှာ လေထဲတွင်ဖြစ်စေ ရေထဲတွင်ဖြစ်စေ စွမ်းသည်။ နှုတ်သီး၌ အဆင့်မြင့်သော အနံ့ခံစနစ် ပါသည်။ အချို့မျိုးစိတ်တို့မှာ ရေနက်ထဲနေနိုင်အောင် ပြုပြင်ယူထားသည်။ အဆီပြင်ထူထူ သို့ ဝမ်းရှေ့အဆီပြင်ဖြင့် ကိုယ်ကို နွေးစေရန် လုပ်တတ်၏။ အစွယ်ရှည်ဖျံမှလွဲ၍ ကျန်ဖျံမျိုးစိတ်တို့မှာ သားမွှေးရှိသည်။