![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f9/Spiders_Diversity.jpg/640px-Spiders_Diversity.jpg&w=640&q=50)
ပင့်ကူ
ခြေဆစ်များသတ္တဝါ မျိုးစဉ်တစ်ခု / From Wikipedia, the free encyclopedia
ပင့်ကူသည် လေကိုရှူ၍ အသက်ရှင်သည့် ခြေဆစ်များသတ္တဝါဖြစ်ပြီး၊ ခြေချောင်း ရှစ်ချောင်းနှင့် ချီလစ်ဆာရီ (Chelicerae) ခေါ် အဆိပ်စွယ်များ ပါရှိသည်။ ပင့်ကူအများစုသည် "ပင့်ကူမျှင်" ဟုခေါ်သော ပိုးချည်မျှင် ထုတ်နိုင်စွမ်းရှိကြသည်။ အာရက္ကနစ် (Arachnids) ဟု သိပ္ပံအမည်ပေးထားသည့် တိရစ္ဆာန် မျိုးပေါင်း၏ မျိုးစဉ်တစ်ခုဖြစ်သော ပင့်ကူသည် တိရစ္ဆာန်မျိုးစဉ်အားလုံး၌ သတ္တမမြောက် မျိုးစိတ်အရေအတွက် အများဆုံးဖြစ်သည်။[2] ၁၉၀၀ ပြည့်နှစ်မှစ၍ မျိုးရိုးခွဲခြမ်းစိတ်ဖြာသည့် ပညာရှင်များက မတူညီသည့် ပင့်ကူအမျိုးအစားကွဲ နှစ်ဆယ်ကျော်အား စတင်အဆိုပြုခဲ့ကြရာ[3] ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် ပင့်ကူမျိုးစိတ်ပေါင်း ၄၉၆၂၃ မျိုးကို မျိုးရင်းစုစုပေါင်း ၁၂၉ ခုအတွင်း ခွဲခြားသတ်မှတ်၍ မှတ်တမ်းတင်ထားပြီးဖြစ်သည်ဟုသိရသည်။[4] အန္တာတိကတိုက်ကလွဲ၍ ကမ္ဘာပေါ်ရှိ ကျန်တိုက်ကြီးများအားလုံး၏ (ပင်လယ်ရေထုနှင့် လေထုမှအပ) နေရာဒေသနီးပါးတိုင်းတွင် ပင့်ကူများ နေထိုင်ကျက်စားကြသည်ကို မြင်တွေ့နိုင်သည်။ ပင့်ကူ အားလုံးနီးပါးသည် သားရဲတိရစ္ဆာန်များဖြစ်ကြပြီး အင်းဆက်များအား အများဆုံး ဖမ်းယူစားသောက်လေ့ရှိကြသည်။ သားကောင်ကို အမဲလိုက်ရာတွင်လည်း နည်းလမ်းမျိုးစုံသုံးလေ့ရှိကြသည်။ အချို့က ထောင်ချောက်ဆင်ဖမ်းရန် ပင့်ကူအိမ်ဆောက်လုပ်ကြပြီး အချို့က သားကောင်ထံသို့ ပင့်ကူကြိုးမျှင်ပစ်၍ဖမ်းကြသည်။ အချို့သော ပင့်ကူများမှာ မြေတွင်း၌ ဦးစွာပုန်းအောင်းနေကာ အနီးအနားမှဖြတ်သွားသည့် သားကောင်အား ပြေးထွက်ဖမ်းကြသည်။ အချို့မှာမူ ပင့်ကူမျှင်ဖြင့် ပိုက်ကွန်တစ်ခုရက်လုပ်ပြီး ဖြတ်သွားသည့် သားကောင်အား ထိုပိုက်ကွန်ဖြင့် ကွန်ပစ်သကဲ့သို့ ပစ်၍ဖမ်းယူကြသည့် ပင့်ကူမျိုးလည်းရှိ၏။ အချို့မှာ ခပ်ဝေးဝေးသို့ပင် ခုန်နိုင်ကြပြီး သားကောင်အနီးအနားသို့ တိတ်တဆိတ်ချဉ်းကပ်ကာ ခုန်အုပ်၍ဖမ်းယူကြသည်။[5]
ပင့်ကူ | |
---|---|
![]() | |
ပင့်ကူအမျိုးမျိုး | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်းစုသေး: | Chelicerata |
မျိုးပေါင်း: | Arachnida |
မျိုးစဉ်: | Araneae Clerck, 1757 |
မျိုးစဉ်ခွဲများ | |
ဇီဝမျိုးစုံမျိုးကွဲ[1] | |
မျိုးစိတ် (၄၆,၀၀၀) ပါဝင်သည့် မျိုးရင်း (၁၁၃) ခု |