နှလုံးရောဂါ
From Wikipedia, the free encyclopedia
နှလုံးရောဂါ သို့မဟုတ် နှလုံးကြွက်သားတစ်ရှူးသေခြင်းသည် နှလုံး၏ အစိတ်အပိုင်းတစ်ခုကို ထောက်ပံ့နေသော သွေးစီးဆင်းမှု လျော့နည်းခြင်းကြောင့်သော်လည်းကောင်း၊ ရပ်တန့်သွားခြင်းကြောင့်သော်လည်းကောင်း နှလုံးကြွက်သားကို ထိခိုက်စေရာမှ ဖြစ်ပေါ်သော ရောဂါဖြစ်သည်။အဖြစ်အများဆုံး ရောဂါပြလက္ခဏာမှာ ရင်ဘတ်နာကျင်ခြင်း သို့မဟုတ် ရင်ဘတ်မအီမသာဖြစ်ခြင်း နှင့် ထိုမှတဆင့် ပခုံး၊လက်မောင်း၊ကျော၊လည်ပင်း နှင့် မေးရိုးတို့အထိ ပြန့်နှံ့သွားခြင်းတို့ဖြစ်သည်။[1]အများအားဖြင့် နာကျင်မှုသည် ရင်ဘတ် အလယ်တည့်တည့် သို့မဟုတ် ဘေးဘက်မှ ဖြစ်လေ့ရှိပြီး မိနစ်အနည်းငယ် ကြာမြင့်တတ်သည်။ရင်ဘတ်မအီမသာဖြစ်မှုသည် အစာအိမ်ရောဂါကြောင့် ရင်ပူခြင်းနှင့် ဆင်တူနိုင်သည်။[2]အခြားရောဂါပြလက္ခဏာများမှာ အသက်ရှူကြပ်ခြင်း၊ပျို့ခြင်း၊သတိလစ်မလို ခံစားရခြင်း၊ချွေးစေးချွေးပေါက်များထွက်ခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ဖြစ်ကြသည်။လူနာ၃၀ရာခိုင်နှုန်းတွင် တမူထူးခြားသော ရောဂါလက္ခဏာများကိုတွေ့ရသည်။[3]အမျိုးသမီးများတွင် ရင်ဘတ်နာကျင်ခြင်းလက္ခဏာ ပြလေ့မရှိပဲ လည်ပင်းနာခြင်း၊လက်မောင်းနာကျင်ခြင်း နှင့် ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများသာ ခံစားရလေ့ရှိသည်။[4]၇၅နှစ် နှင့်အထက် လူကြီးများအနက် ငါးရာခိုင်နှုန်းတွင် ရောဂါလက္ခဏာနည်းနည်း သို့မဟုတ် လုံးဝမပြဘဲ နှလုံးရောဂါဖြစ်ပွားနေသည်ကိုတွေ့ရသည်။[5]နှလုံးကြွက်သားတစ်ရှူးသေခြင်းကြောင့် နှလုံးလုပ်အားဆုတ်ယုတ်ခြင်း၊ နှလုံးခုန်မှုပုံစံ ပုံမှန်မဟုတ်ခြင်း၊နှလုံးရပ်သွားခြင်း သို့မဟုတ် နှလုံးရှော့ခ်ရခြင်းကို ဖြစ်စေနိုင်သည်။[6]
နှလုံးကြွက်သားတစ်ရှူးသေခြင်း | |
---|---|
Synonym | နှလုံးရောဂါ |
နှလုံးကြွက်သားတစ်ရှူးသေခြင်းသည် နှလုံးပတ်သွေးကြော၏ အတွင်းနံရံတွင် ကျစ်လျစ်သောအလွှာတစ်ခု နှေးကွေးစွာ ဖြစ်ပေါ်လာပြီး ၎င်းသည်ရုတ်တရက် ကွဲသွားသောအခါ သွေးခဲများဖြစ်ပေါ်စေ၍ သွေးကြောကိုပိတ်ဆို့စေကာ သွေးစီးဆင်းမှုကို ရပ်တန့်စေသောကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ | |
အထူးပြု | နှလုံးရောဂါပညာ ၊ အရေးပေါ်ဆေးပညာ |
လက္ခဏာများ | ရင်ဘတ်နာကျင်ခြင်း ၊အသက်ရှူမဝခြင်း ၊ပျို့ခြင်း ၊သတိလစ်မလိုခံစားရခြင်း ၊ချွေးစီးချွေးပေါက်ကျခြင်း ၊ပင်ပန်းနွမ်းနယ်ခြင်း ၊လက်မောင်း၊ပခုံး၊ကျော၊လည်ပင်း သို့မဟုတ် ဗိုက်အောင့်ခြင်း |
ရှုပ်ထွေးမှုများ | နှလုံးလုပ်အားဆုတ်ယုတ်ခြင်း၊ နှလုံးခုန်မှုပုံစံ ပုံမှန်မဟုတ်ခြင်း၊ နှလုံးရပ်သွားခြင်း သို့မဟုတ် နှလုံးရှော့ခ်ရခြင်း |
အန္တရာယ်ညွန်းကိန်း | သွေးတိုးရောဂါ ၊ဆေးလိပ်သောက်ခြင်း ၊ဆီးချိုရောဂါ ၊ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း ၊အဝလွန်ခြင်း ၊သွေးတွင်းအဆီဓာတ်မြင့်မားခြင်း |