နော့စ်ဒဏ္ဍာရီ
From Wikipedia, the free encyclopedia
နော့စ်ဒဏ္ဍာရီ (အင်္ဂလိပ်: Norse mythology) သည် နော့စ်လူမျိုးများ (သို့) မြောက်ဂျာမန်နစ်လူမျိုးများ၏ ဒဏ္ဍာရီ အစုအဝေးတစ်ခုဖြစ်၍ နော့စ်ရိုးရာဘာသာတရား (Norse paganism) ကို အခြေခံ၍ စကန်ဒီနေးဗီးယားဒေသတွင် ခရစ်ယာန်ဘာသာခံယူမှုဖြစ်ပေါ်သည်အထိ ဆက်လက်တည်ရှိခဲ့ကာ ခေတ်သစ်ကာလ၏ စကန်ဒီနေးဗီးယား ရိုးရာအစဉ်လာပုံပြင်များဖြစ်လာခဲ့သည်။ ဂျာမန်နစ်ဒဏ္ဍာရီ၏ မြောက်ဘက်ဆုံးကျသော အခွဲတစ်ခုလည်းဖြစ်သည့် နော့စ်ဒဏ္ဍာရီတွင် နတ်ဘုရား၊ လူပုဂ္ဂိုလ်၊ သူရဲကောင်း အမျိုးမျိုးတို့အကြောင်း ဇာတ်လမ်းပုံပြင်များပါဝင်၍ ထိုဖော်ပြထားသည့်သူများသည် ရှေးကာလက နတ်၊ နတ်ဘုရားကိုးကွယ်သောခေတ် (pagan period) မတိုင်မီနှင့် ထိုခေတ်အပြီးမှ အလယ်ခေတ်လက်ရေးမူများ၊ ရှေးဟောင်းသုတေသနဆိုင်ရာ သရုပ်ဖော်မှုများ၊ ရိုးရာအစဉ်အလာများ အပါအဝင် များစွာသောရင်းမြစ်များမှ ဆင်းသက်လာကြသည်။
ထိုရင်းမြစ်စာပေများ၌ အမျိုးမျိုးသော နတ်ဘုရားများကို ဖော်ပြထားရာ 'တူ'လက်နက်ကိုင်စွဲထား၍ လူ့လောကကိုစောင့်ရှောက်သော မိုးကြိုးနတ်ဘုရား 'သော်' (သော်သည် မဆုတ်မနစ်ဖြင့် ရန်သူများကိုချေမှုန်းသူ)၊ မျက်လုံးတစ်ဖက်တည်းသာရှိ၍ ကျီးနက်နှစ်ကောင် တစ်ဖက်တစ်ချက်မှခစားသော အိုးဒင်နတ်ဘုရား (နေရာဒေသအသီးသီးမှ အသိပညာများကို ပါးနပ်စွာလေ့လာလိုက်စားသူနှင့် လူ့လောက၌ ရှေးဟောင်း(ဂျာမန်နစ်)စာ (အက္ခရာ) (runic alphabet) ကိုပေးအပ်ချီးမြှင့်သူ)၊ လှပတင့်တယ်၍ မှော်အစွမ်းရှိကာ ငှက်မွှေးတောင်ဝတ်စုံဝတ်ဆင်ထားသော ဖရွိုင်းယာနတ်ဘုရားမ (သေပြီးသောသူများကိုလက်ခံရွေးချယ်ရန် တိုက်ပွဲသို့လာရောက်သူ)၊ အငြှိုးကြီးမားကာ နှင်းလျောစီးလေ့ရှိသော စကားသီနတ်ဘုရားမ (ပင်လယ်ကမ်းခြေများထက် ဆောင်းရာသီတောင်တန်းများမှ ဝံပုလွေအသံကို ပို၍နှစ်သက်ခုံမင်သူ)၊ စွမ်းအားကြီးသော နျော့သယာနတ်ဘုရား (ပင်လယ်ပြင်နှင့် မီးကိုတည်ငြိမ်စေသူ၊ ချမ်းသာဓနနှင့် နယ်မြေများ ချီးမြှင့်သူ)၊ ဖရဲ့ယာနတ်ဘုရား (ရာသီဥတုနှင့် လယ်ယာစိုက်ပျိုးရေးများနှင့်ပတ်သက်၍ လူ့လောကအတွက် ငြိမ်းချမ်းမှု၊ သာယာမှု ယူဆောင်ပေးသူ)၊ အိုင်ဒွန်နတ်ဘုရားမ (ထာဝရနုပျိုမှုကိုပေးစွမ်းသော ပန်းသီးကို ထိန်းသိမ်းသူ)၊ လျှို့ဝှက်ဆန်းကျယ်သော ဟိမ်းဒါလာနတ်ဘုရားမ (မိခင်ကိုးဦးမှမွေးဖွားလာသူ၊ မြက်ပင်များကိုကြီးထွားစေသူ၊ ရွှေရောင်သွားရှိသူ၊ မြည်ဟီးသံဟိန်းသော ခရာကိုပိုင်ဆိုင်သူ)၊ ယော့တ်နာမျိုးနွယ် လိုကီနတ်ဘုရား (နတ်ဘုရားမ ဖရစ်၏ လှပသောသားတော် ဘော်လ်သရာ နှင့် အခြားနတ်ဘုရားများစွာကို သေစေ၍ နတ်ဘုရားများထံသို့ ဝမ်းနည်းကြေကွဲမှု ဆောင်ယူလာသူ) စသဖြင့်ဖော်ပြထားသည်။
ရှင်သန်လျက် ရှိသော ဒဏ္ဍာရီအများစုသည် နတ်ဘုရားတို့၏ အကျပ်အတည်းဒုက္ခများ၊ ၎င်းတို့နှင့် အခြားသူများ(ဥပမာ လူသားများ)၏ အချင်းချင်းတုံ့ပြန်ဆောင်ရွက်မှုများ၊ ၎င်းတို့၏ မိသားစုများ (သို့) ရန်သူများ (သို့) ချစ်ခင်ရသူများ (သို့) မိတ်ဆွေများ ဖြစ်နိုင်သော ယော့တ်နာမျိုးနွယ်များ (jötnar) [မှတ်စု 1] စသည်များကို ဗဟိုပြုရေးဖွဲ့ထားကြသည်။ နော့စ်ဒဏ္ဍာရီ၌ပါရှိသော စကြဝဠာသဘောတရားတွင် အစ်ဂ်ဒြာစီ (Yggdrasil) ဟုခေါ်သော စကြဝဠာဗဟိုချက်၌တည်သော သစ်ပင်ကြီးတစ်ပင်ရှိ၍ ထိုသစ်ပင်ကို လောက(ကမ္ဘာ)ကိုးခုမှ ဝန်းရံထားသည်။ စကြဝဠာသဘောတရား၏ အခြေခံအခြင်းရာများ၊ အချိန်ကာလတစ်ခုခြင်းစီကို နတ်ဘုရားများ၊ ပုဂ္ဂိုလ်များအဖြစ် ခိုင်းနှိုင်းတင်စားကြသည်။ ဖန်တီးခြင်းဆိုင်ရာဒဏ္ဍာရီပုံစံမျိုးစုံကို ပြန်လည်ပြောဆိုကြရာ လောကအစ ပုဂ္ဂိုလ် "အီးမာ" (အီးမီယာ) ၏ အသားမှ ကမ္ဘာကိုဖန်ဆင်းခဲ့သည်ဟုဆိုသည်။ ပထမဆုံးလူသားနှစ်ဦးမှာ အားစ်ခ် နှင့် အမ်ဘလာ (Ask and Embla) တို့ဖြစ်ကြသည်။ ဤကမ္ဘာလောကကြီးများသည် နတ်ဘုရားများနှင့် ၎င်းတို့၏ရန်သူများကြား ကြီးကြယ်သောတိုက်ပွဲများဖြစ်သည့် 'ရက်နရော့' (Ragnarök - ရဲ့ဂ်နရော့ခ်) တိုက်ပွဲများစွာပြီးနောက် ပြန်လည်မွေးဖွားမည်ဟု ခန့်မှန်းကြသည်။ ကမ္ဘာကြီးသည် ပြန်လည်မွေးဖွားရန်အလို့ငှာ မီးဟုန်းဟုန်းတောက်လောင်မည်ဖြစ်သည်။ ထိုအခါ၌ ရှင်သန်ကျန်ရစ်သော နတ်ဘုရားများတွေ့ဆုံကြ၍ မြေကြီးသည် မြေဆီဩဇာကောင်း၍ စိမ်းစိုလာမည်။ လူသားနှစ်ဦးသည် ကမ္ဘာလောကကို လူဦးရေတိုးပွားစေမည်။
နော့စ်ဒဏ္ဍာရီသည် အဓိကကျသော (ကျမ်း)စာများအား ဥရောပ ပညာရှင်အသိုင်းအဝိုင်းတို့က အာရုံစိုက်လာသောအချိန် (၁၇)ရာစုမှစ၍ ပညာရပ်ဆိုင်ရာဆွေးနွေးငြင်းခုံမှု အကြောင်းအရာဖြစ်လာခဲ့သည်။ နှိုင်းယှဉ်ဒဏ္ဍာရီလေ့လာမှုနှင့် သမိုင်းဝင်ဘာသာဗေဒနည်းလမ်းအားဖြင့် ပညာရှင်များသည် ရှေးကျလှသော အင်ဒို-ဥရောပ[မှတ်စု 2]ဒဏ္ဍာရီများကဲ့သို ဂျာမန်နစ်ဒဏ္ဍာရီ၏ အခြေခံကြောင်းရာများကို ခွဲခြားဖော်ပြခဲ့ကြသည်။ ခေတ်သစ်ကာလအတွင်း ရိုမန့်တစ်ဝါဒ [မှတ်စု 3]ဗိုက်ကင်းတို့အကြောင်းတစ်ဖန်ထုတ်ဖော်မှုသည် ဤဒဏ္ဍာရီကြောင်းရာများနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှုကို ပြန်လည်နိုးကြားစေခဲ့သည်။ ယခုအခါ၌ နော့စ်ဒဏ္ဍာရီအတွက် ကိုးကားရည်ညွှန်းချက်များစွာကို ခေတ်ပေါ် လူကြိုက်များသည့် ယဉ်ကျေးမှုများ၌ တွေ့ရှိနိုင်ပေသည်။ ဂျာမန်နစ် ခေတ်သစ်ရိုးရာဘာသာတရား(Germanic Neopaganism) ကိုထိန်းသိမ်းလိုက်နာသူများကြား ဘာသာရေးဆိုင်ရာ ဆက်စပ် (ကျမ်း)စာတွင် ဤဒဏ္ဍာရီများကို ပြန်လည်ဖော်ထုတ်ခဲ့ကြပြီးလည်းဖြစ်သည်။