နိုင်ငံရေးစပက်ထရမ်
နိုင်ငံရေးအမြင်များကိုဇယားနည်းဖြင့်တိုင်းတာသည့်ပုံစံ / From Wikipedia, the free encyclopedia
နိုင်ငံရေး စပက်ထရမ် (အင်္ဂလိပ်: Political Spectrum) ဆိုသည်မှာ နိုင်ငံရေးအမြင်များကို ခန့်မှန်းခြေတိုင်းတာသော တိုင်းတာမှုစနစ်တစ်မျိုးဖြစ်သည်။ ထိုသို့တိုင်းတာရာတွင် ကိုဩဒိနိတ်ဝင်ရိုးများဖြင့် နိုင်ငံရေးဝါဒများကို ကိုယ်စားပြု၍တိုင်းတာသည်။[1] ထိုတိုင်းတာမှုစနစ်ကို နိုင်ငံရေး အရပ်မျက်နှာ (Political Compass) နှင့် နိုင်ငံရေးမြေပုံ (Political Map) ဟူသောအခေါ်အဝေါ်များနှင့်လည်း ရည်ညွှန်းလေ့ရှိသည်။[2][3][4][5]
ထိုတိုင်းတာမှုစနစ်အများစုတွင် လက်ဝဲနှင့်လက်ယာနှစ်ဖက်ကိုအခြေခံပြီး ပြင်သစ်နိုင်ငံတော်လှန်ရေးကာလပြီးနောက် လွှတ်တော်အတွင်း နေရာထိုင်ပုံအစီအစဉ်ကို မှီ၍ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။[6] ယခုခေတ်နိုင်ငံရေးလောကတွင် ယေဘုယအားဖြင့် ကွန်မြူနစ်ဝါဒ နှင့် ဆိုရှယ်လစ်ဝါဒတို့ကို လက်ဝဲဘက်၌ထားရှိပြီး ကွန်ဆာဗေးတစ်ဝါဒ နှင့် ဖက်ဆစ်ဝါဒတို့ကို လက်ယာဘက်၌ထားရှိထားသည်။[1] လက်ဝဲ၊ လက်ယာဘက်တို့၌မတည်ဘဲ အလယ်၌ရှိနေခြင်းကို အလယ်အလတ်ဝါဒ (Centrism) ဟုခေါ်ဆိုသည်။ လစ်ဘရယ်ဝါဒ တွင်မူ လူမှုလစ်ဘရယ်ဝါဒ (Social Liberalism) ကို လက်ဝဲဘက်၌ ထားရှိပြီး ကွန်ဆာဗေးတစ်လစ်ဘရယ်ဝါဒ (Conservative Liberalism) သို့မဟုတ် ကလက်ဆီကယ်လစ်ဘရယ်ဝါဒ (Classical Liberalism) ကို လက်ယာဘက်၌ထားရှိသည်။[7][8]
နိုင်ငံရေးစပက်ထရမ်တွင် အဓိကအားဖြင့်ဝင်ရိုးနှစ်ခုရှိရာ ပထမဝင်ရိုးမှာ စီးပွားရေးနည်းအရ လက်ဝဲမှလက်ယာ (Economic Left- Right) ဟူ၍ဖြစ်ရာ ဒုတိယဝင်ရိုးမှာ လူမှုနည်းအရ အာဏာရှင်မှလွတ်လပ်ခြင်း (Authority-Liberty) ဟူ၍ဖြစ်ကြသည်။[1][9] သို့သော်နိုင်ငံရေးသိပ္ပံပညာရှင်များကမူ ထိုတိုင်းတာမှုစနစ်ကို ရိုးရှင်းလွန်းကြောင်းနှင့် အခြားနိုင်ငံရေးဝါဒများလည်းပါဝင်သင့်ကြောင်း ဝေဖန်ကြသည်။[10]