မြန်မာထေရဝါဒရဟန်းတော် From Wikipedia, the free encyclopedia
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသသည် အဘိဓမ္မာကျွမ်းကျင်သူ မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်သည်။[1] မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာနနာယကဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ပညာဘူမိတက္ကသိုလ်၏ သဘာပတိလည်း ဖြစ်သည်။[2] အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံရသူ[3] ဆရာတော်သည် ၂၀၁၈ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်သည့် ရွှေကျင်နိကာယ၏ ဥပဥက္ကဋ္ဌ (တွဲဖက်သာသနာပိုင်)၊ မဟာနာယကတာဝန်ကို ထမ်းရွက်လျက်ရှိသည်။[4]
အရှင်နန္ဒမာလာဘိဝံသ | |
---|---|
ဆရာတော်၏ပုံတော် | |
ဘာသာ | ဗုဒ္ဓဘာသာ |
ဘာသာအုပ်စု | ထေရဝါဒ |
ဂိုဏ်း | ရွှေကျင်နိကာယ |
ကျောင်းတိုက် | မဟာသုဗောဓာရုံ |
ဘွဲ့တံဆိပ် |
|
ပညာရေး |
|
အခြားအမည်များ | ပါမောက္ခချုပ်ဆရာတော် |
ဓမ္မအမည် | နန္ဒမာလာ |
ပုဂ္ဂိုလ်ရေးရာ | |
မွေးဖွား | ထွန်းတင် ၂၂ မတ်၊ ၁၉၄၀ ညောင်ပင်ရွာ၊ စဉ့်ကူးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး |
မိဘ |
|
ရာထူး တာဝန် | |
ဂုဏ်ဒြပ် | ပါမောက္ခချုပ် (သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်) သဘာပတိ (ပညာဘူမိတက္ကသိုလ်) |
တာဝန်ယူကာလ |
|
ယခင် |
|
ဆက်ခံ |
|
ဘာသာရေးရာ | |
ဆရာ(များ) |
|
ရဟန်းခံခြင်း |
|
ဝက်ဘ်ဆိုဒ် | drnandamalabhivamsa.com.mm |
မြန်မာပြည် အထက်ပိုင်း ကျေးရွာတစ်ရွာတွင် ဖွားမြင်သော ဆရာတော်သည် အသက်ဆယ်နှစ်အရွယ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ စစ်ကိုင်းတောင်ရိုး ဝိပဿနာချောင်သို့ ရောက်ရှိပြီး၊ အသက် (၁၃) နှစ်အရွယ်ကပင် အဘိဓမ္မာစာမေးပွဲသုံးဆင့်ကို အောင်မြင်ခဲ့သည်။ အစိုးရဓမ္မာစရိယစာမေးပွဲကို အသက် (၁၆) နှစ်အရွယ် ကိုရင်ဘဝဖြင့်ပင် ဖြေဆိုအောင်မြင်သည်။ သကျသီဟ သာမဏေတန်း သုံးဆင့်လုံးကိုလည်း ပထမအဆင့်ဖြင့် အောင်မြင်ကာ သာမဏေကျော်ဘွဲ့ကိုလည်း ရရှိခဲ့သည်။ ရဟန်း (၄) ဝါအရတွင် စေတီယင်္ဂဏ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ (၆) ဝါအရတွင် သကျသီဟ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း၊ (၈) ဝါအရတွင် အစိုးရ ဓမ္မာစရိယစာမေးပွဲကိုလည်းကောင်း ပြီးစီးအောင်မြင်ခဲ့သဖြင့် သ၊ စ၊ အ ဓမ္မာစရိယအရှင်လည်းဖြစ်သည်။ သီရိလင်္ကာနိုင်ငံမှ မဟာဘွဲ့နှင့် အိန္ဒိယနိုင်ငံမှ ပါရဂူဘွဲ့တို့ကို ရရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ဒုတိယမြောက် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[5] ၂၀၂၀ ပြည့်နှစ်အတွင်း ပညာဘူမိတက္ကသိုလ်ကို စတင်တည်ထောင်အုတ်မြစ်ချပြီး ၂၀၂၂ ခုနှစ်မှစတင်ကာ တက္ကသိုလ်သဘာပတိဆရာတော်အဖြစ်လည်း ဆောင်ရွက်တော်မူသည်။
၁၉၇၀ ပြည့်နှစ်များမှစတင်ကာ ကိုမာလာ၊ ကိုတုလ (စစ်ကိုင်း) စသည့် ကလောင်အမည်များဖြင့် ဓမ္မရသဆောင်းပါးများ ရေးသားခဲ့ပြီး၊ စံကင်းဆရာတော်၊ ရွှေဟင်္သာဆရာတော်၊ သမိဒ္ဓေါဒယဆရာကြီး ဒေါ်မာလာရီတို့၏ အတ္ထုပတ္တိများ ရေးသားပြုစုခဲ့သည်။ ဂါထာရေးစပ်သီကုံးရာတွင် ကျွမ်းကျင်လိမ္မာပြီး ဂုရုဝဏ္ဏနာဂါထာတစ်ရာနှင့် ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတစ်ရာတို့မှာ ထင်ရှားသည်။
ဂျာမနီစသည့် ပြည်ပနိုင်ငံများသို့ ကြိမ်ဖန်များစွာသွားရောက်၍ အဘိဓမ္မာသင်တန်းများ ပို့ချခဲ့ပြီး၊ မြန်မာနိုင်ငံတွင်လည်း ဓမ္မပညာသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ကာ ဓမ္မစာပေများ သင်ကြားပို့ချပေးလျက်ရှိသည်။
ဆရာတော်လောင်းလျာကို ၁၉၄၀ ပြည့်နှစ်၊ မတ်လ (၂၂) ရက် (မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ တပေါင်းလပြည့်နေ့) ညတွင်[6] မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာနေ အဖ ဦးစံလှ (ဦးဂုဏောဒယ) နှင့် အမိ ဒေါ်ခင် (ဒေါ်ဝံသဂ္ဂီ) တို့က ဖွားမြင်သည်။[7][note 1] မွေးချင်းဆယ်ယောက်အနက် ကိုးယောက်မြောက်သားဖြစ်ပြီး၊ ငယ်မည်မှာ မောင်ထွန်းတင်ဖြစ်သည်။[8]
အသက်ငါးနှစ်အရွယ်တွင် ညောင်ပင်ရွာ တောင်ဘက်ရှိ[9] ပေါ်တော်မူကျောင်းဆရာတော် ဦးကေလာသထံတွင် နောင်တော်များနှင့်အတူ မြန်မာစာနှင့် ပါဠိစာပေအခြေခံများ သင်ယူခဲ့သည်။[10] ဦးကေလာသ ပျံတော်မူသောအခါ နောင်တော်များဖြစ်ကြသည့် ကိုကျော်နိုင် (နောင် အရှင်ဂန္ဓသာရ)၊ ကော့ကရိတ်တွင် ကိုရင်ဝတ်နေသူ ရှင်ဝိမလ (ကိုလွန်းမောင်) တို့နှင့်အတူ ၁၉၄၉ ခုနှစ်၊ ဇူလိုင်လ (မြန်မာသက္ကရာဇ် ၁၃၁၁ ခုနှစ်၊ ဝါဆိုဦးကာလ) တွင် မိဘများက နောင်တော်ကြီး အရှင်နာရဒ ခုနစ်ဝါခန့် သီတင်းသုံးနေရာ စစ်ကိုင်းတောင်ရိုးရှိ နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ ဝိပဿနာမဟာဂန္ဓာရုံချောင်သို့ပို့ကာ စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေပြုပေးခဲ့ကြရာ၊[11] ဘွဲ့တော်မှာ ရှင်နန္ဒမာလာ ဖြစ်သည်။[8][12] အရှင်နှင့် မိဘများအပါအဝင် သက်ရှိထင်ရှား မိသားစုဝင် ကိုးဦးတို့သည် ဝိပဿနာချောင်၌ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြပြီး၊[13] အရှင်၏ နောင်တော်ကြီး အရှင်နာရဒသည်လည်း ရွှေကျင်နိကာယ၏ ဥပဥက္ကဋ္ဌတစ်ပါးဖြစ်ရာ တစ်မိသားစုတွင်းမှ ဥပဥက္ကဋ္ဌနှစ်ပါး ပေါ်ထွန်းခြင်းပင် ဖြစ်သည်။[14]
အသက် (၁၃) နှစ်အရွယ်တွင် စံကင်းဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် နောင်တော် အရှင်နာရဒထံမှ အဘိဓမ္မာသင်္ဂြိုဟ်ကိုးပိုင်း (အဘိဓမ္မတ္ထသင်္ဂဟကျမ်း) ကို တစ်ဝါအတွင်းသင်ကြားကာ အဘိဓမ္မာစာမေးပွဲသုံးဆင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။[15] ပထမငယ်တန်းနှင့် ပထမလတ်တန်းကို အသက် (၁၄) နှစ်အရွယ်တွင် တစ်နှစ်တည်းအောင်မြင်ပြီး ပထမကြီးတန်းကို အသက် (၁၅) နှစ်တွင် အောင်မြင်ခဲ့သည်။[16] သကျသီဟ သာမဏေကျော်စာမေးပွဲ ပထမအဆင့်ကို အသက် (၁၆) နှစ်တွင်လည်းကောင်း၊ ဒုတိယအဆင့်ကို (၁၇) နှစ်တွင်လည်းကောင်း၊ တတိယအဆင့်ကို (၁၉) နှစ်တွင်လည်းကောင်း အဆင့်တစ်ချည်းဖြင့်ပင် အောင်မြင်ခဲ့ပြီး သကျသီဟ သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရရှိကာ ရှင်နန္ဒမာလာလင်္ကာရ ဖြစ်လာခဲ့သည်။[17]
အသက် (၁၆) နှစ်အရွယ်ကပင် ပါဠိတက္ကသိုလ် အစိုးရဓမ္မာစရိယစာမေးပွဲ စာချတန်းကို ကျမ်းကြီးသုံးကျမ်း၊ ဂုဏ်ထူးနှစ်ကျမ်း၊ စုစုပေါင်း ကျမ်းငါးကျမ်းအောင်မြင်ခဲ့ကာ သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သဖြင့် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်ရှိ ဇယမေဒနီကျောင်းတွင် ဝိနယမဟာဝဂ္ဂပါဠိ၊ အင်္ဂုတ္တရပါဠိ၊ ဓမ္မပဒအဋ္ဌကထာတို့ကို ကိုရင်ဘဝဖြင့်ပင် ပို့ချခဲ့သည်။[18]
၁၉၅၈ ခုနှစ်၊ ဇွန်လ (၁) ရက် (မြန်မာသက္ကရာဇ် ၁၃၂၀ ပြည့်နှစ်၊ နယုန်လပြည့်) နေ့တွင် နောင်တော်များဖြစ်သည့် အရှင်နာရဒ၊ အရှင်ဝိမလ၊ အရှင်ဉာဏဗလ၊ အရှင်ဥတ္တရ၊ အရှင်ဂန္ဓသာရတို့နှင့်အတူ ညီနောင်ခြောက်ပါးစုပေါင်းကာ စံကင်းဆရာတော်ကြီး ချီးမြှင့်သော (ညောင်ပင်ရွာမှ အဖူးအညွန့်များဟု အဓိပ္ပာယ်ရသည့်) ဗောဓင်္ကုရ အမည်ကို အခြေခံ၍ မဟာသုဗောဓာရုံကျောင်းတိုက်ကို စစ်ကိုင်းတောင်ရိုး၌ တည်ထောင်ပြီး၊[14] စာချအဖြစ် တာဝန်ယူခဲ့သည်။[19]
၁၉၅၉ ခုနှစ်၊ ဧပြီလ (၂၂) ရက် (မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ်၊ တန်ခူးလပြည့်) နေ့တွင် မဟာသုဗောဓာရုံကျောင်းတိုက်ရှိ သာသနမဉ္ဇရီသိမ်တော်၌ စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍၊ မန္တလေးမြို့ ဆိုင်းတန်းရပ်နေ ဦးသာဒင်နှင့် ဒေါ်ကြင် မိသားစု၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သောရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။[20]
ထိုနှစ်အတွင်းမှာပင် စေတီယင်္ဂဏ ဓမ္မာစရိယ စာသင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ရာ အရှင်နန္ဒမာလာလင်္ကာရာဘိဝံသ ဖြစ်လာခဲ့သော်လည်း အရှင်နန္ဒမာလာဘိဝံသဟူ၍သာ ခေါ်ဝေါ်အသုံးပြုခဲ့သည်။[21] စေတီယင်္ဂဏ စာချတန်းကို ရဟန်း (၄) ဝါအရတွင် ဖြေဆိုအောင်မြင်သဖြင့် စေတီယင်္ဂဏ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။[21] သကျသီဟ ဓမ္မာစရိယ စာသင်တန်းကို ရဟန်း (၃) ဝါအရတွင်လည်းကောင်း၊ စာချတန်းကို (၆) ဝါအရတွင်လည်းကောင်း ဖြေဆိုအောင်မြင်ခဲ့ပြီး နန္ဒမာလာဘိဝံသ ပရိယတ္တိသာသနဟိတ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။[21] ၁၉၆၄ ခုနှစ်တွင် အစိုးရဓမ္မာစရိယ ပါဠိပါရဂူတန်း ပါစိတျာဓိပါဠိအဋ္ဌကထာကို ဖြေဆိုအောင်မြင်သဖြင့် သာသနဓဇ ဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲမှ ကျန်ရှိနေသော ကျမ်းများအနက် အင်္ဂုတ္တရနိကာယပါဠိအဋ္ဌကထာကို ၁၉၆၄ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၂၅) တွင်လည်းကောင်း၊ သံယုတ္တနိကာယပါဠိအဋ္ဌကထာကို ၁၉၆၇ ခုနှစ် (၁၃၂၈) တွင်လည်းကောင်း၊ အဘိဓမ္မာဝိဘင်္ဂါဒိပါဠိအဋ္ဌကထာကို ၁၉၆၈ ခုနှစ် (၁၃၂၉) တွင်လည်းကောင်း အောင်မြင်ခဲ့သဖြင့် ပါဠိတက္ကသီလ သာသနဓဇသိရီပဝရ ဓမ္မာစရိယဘွဲ့များ အသီးသီးထပ်မံရရှိခဲ့သည်။[21][22] သကျသီဟစာချတန်းအောင်ဂေဇက် ထွက်အပြီးတွင် ကမ္ဘာအေးကုန်းမြေ ဇမ္ဗူဒီပကျောင်းဆောင်၌ တိပိဋက ပါဠိမြန်မာ အဘိဓာန်ကျမ်းပြုအဖြစ် တစ်ဝါခန့် ဆောင်ရွက်ခဲ့သည်။[14][23] ထိုသို့ဆောင်ရွက်နေစဉ် ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသထံ၌ အင်္ဂလိပ်စာကို သင်ယူခဲ့သည်။[23][24]
၁၉၆၄ ခုနှစ်တွင် နောင်တော် အရှင်ဝိမလာဘိဝံသနှင့် အရှင်ဂန္ဓသာရတို့မှာ လူဝတ်လဲသွားသဖြင့် မဟာသုဗောဓာရုံကျောင်းတိုက်၌ ပဓာနစာချဆရာတော်ဖြစ်လာခဲ့သည်။[25] ၁၉၈၀ ပြည့်နှစ်၊ မေလ (၂၄) ရက်မှ (၂၇) ရက်အထိ ပြုလုပ်ခဲ့သည့်[26] ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးမှ ဖွဲ့စည်းလိုက်သည့် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) တွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[27] ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၅ ခုနှစ်အတွင်း စစ်ကိုင်းမြို့နယ် ရွှေကျင်ဂိုဏ်း၏ ဓမ္မာစရိယစာမေးပွဲ အကျိုးဆောင်၊ ပထမပြန်စာမေးပွဲ ပြဋ္ဌာန်းကျမ်းစာပြင်ဆင်ရေး အဖွဲ့ဝင်၊ နိကာယစာမေးပွဲ စည်းမျဉ်းစည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊ ပထမပြန်စာမေးပွဲ ကျင်းပရေးအဖွဲ့ (စစ်ကိုင်း) ၏ ပုစ္ဆကဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ခဲ့သည်။[27] ၁၉၈၀ ပြည့်နှစ်တွင် သီတဂူဆရာတော် အရှင်ဉာဏိဿရနှင့် ဆုံတွေ့ကာ မြစကြာဆရာတော် အရှင်လက္ခဏ၊ ဝေဇယန္တာဆရာတော် အရှင်မဟောသဓပဏ္ဍိတတို့နှင့်အတူ စစ်ကိုင်းတောင်ရိုးရှိ သာသနာ့ဝန်ထမ်းများအတွက် ရေပေးဝေရေး စီမံကိန်းဖြစ်သည့်[28] သီတဂူရေအလှူတော်၏ ဦးစီးဆရာတော်များအဖွဲ့တွင် ပါဝင်ခဲ့သည်။[29]
သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓစာပေများ ထပ်မံသင်ကြားရန်အတွက် ၁၉၈၆ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့သော်လည်း၊[30] အခက်အခဲများကြောင့် ၁၉၈၇ ခုနှစ်၊ ဇန်နဝါရီလတွင်မှ သီရိလင်္ကာနိုင်ငံ ကန္ဒီမြန်မာကျောင်းသို့ ရောက်ရှိခဲ့သည်။[31] ကိုလံဘိုမြို့ရှိ ကေလာဏိယတက္ကသိုလ်တွင် မဟာတန်းအတွက် တက်ရောက်နေစဉ်[32] ဘော်ရဲလာမြို့ရှိ သီရိလင်္ကာ ဝိုင်အမ်ဘီအေ၌ အဘိဓမ္မာ ပို့ချခြင်း၊ ကမ္မဋ္ဌာန်းစင်တာတစ်ခုတွင် တရားဟောခြင်းများ ပြုလုပ်ခဲ့ပြီး၊[33] ၁၉၈၉ ခုနှစ်တွင် ဗုဒ္ဓစာပေလေ့လာမှုဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သည်။[34]
၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး[35] မဟာသုဗောဓာရုံ၌ တိုက်အုပ်ဆရာတော် ဖြစ်လာခဲ့သည်။[36] မြန်မာနိုင်ငံသို့ ပြန်မရောက်မီ ၁၉၉၄ ခုနှစ်၊ ဩဂုတ်လတွင် အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဆေးလ်ဗားစပရင်းမြို့ရှိ မင်္ဂလာရာမကျောင်းသို့ ကြွရောက်ကာ အဘိဓမ္မာသင်ခန်းစာများ ပို့ချခဲ့သေးသည်။[37]
၁၉၉၅ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တည်ထောင်ဖွင့်လှစ်သောအခါ ပါမောက္ခချုပ်အဖြစ် တာဝန်ယူကာ၊ ဘာသာစကားဌာနတွင် အင်္ဂလိပ်စာဒီပလိုမာတန်းနှင့် နောင်အခါ ဘီအေတန်းများ၌ သက်ဆိုင်ရာဘာသာရပ်များကိုလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၊ ကိုရီးယား၊ မက္ကဆီကို၊ ဂျာမနီ၊ ပြင်သစ်စသော နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများကို ပါဠိဘာသာနှင့် အဘိဓမ္မာကိုလည်းကောင်း သင်ကြားပို့ချခဲ့သည်။[38] ၁၉၉၆ ခုနှစ်တွင် နိုင်ငံတော်မှဆက်ကပ်သော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခဲ့သည်။[14] ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် စမ်းကလေးအယူဝါဒ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စစ်ဆေးဆုံးဖြတ်ရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နိုင်ငံတော်သီးခြားဝိနည်းဓိုရ် အမှတ် (၁၁) ကို ဖွဲ့စည်းပေးခဲ့ရာတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။[39]
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဖွင့်လှစ်သောအခါ[40] သီတဂူဆရာတော်၏ တောင်းဆိုမှုအရ ဩဝါဒါစရိယ ဧည့်ပါမောက္ခအဖြစ် တာဝန်ယူကာ အဘိဓမ္မာဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။[41] ၂၀၀၃ ခုနှစ်တွင် ဗုဒ္ဓစာပေလာ ဂျိန်းဝါဒအကြောင်း လေ့လာချက်စာတမ်းဖြင့်[42] အိန္ဒိယနိုင်ငံ မဂဓတက္ကသိုလ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။[43] ၂၀၀၅ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်တွင် ပါမောက္ခချုပ်ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ ကယ်လီဖိုးနီးယား၌ ပျံလွန်တော်မူသောအခါ ဒုတိယပါမောက္ခချုပ် (သင်ကြား) အဖြစ် ဆောင်ရွက်နေသည့် အရှင်သည် ထေရဝါဒတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။[44] ထိုအချိန်မှစ၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျန်းမာရေးအခြေအနေကြောင့်[45] အနားယူသည်အထိ ပါမောက္ခချုပ်အဖြစ် ၁၄ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။[46]
၂၀၀၉ ခုနှစ်တွင် မဟာသုဗောဓာရုံ၏ ပဓာနနာယကဖြစ်သူ အရှင်နာရဒမှာ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌအဖြစ် ငါးလမျှသာ တာဝန်ထမ်းဆောင်ပြီး ပျံလွန်တော်မူခဲ့ရာ၊[47] အရှင်သည် ထိုနှစ် ဩဂုတ်လ (၁) ရက် (မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်၊ ဝါခေါင်လဆန်း (၁၁) ရက်) နေ့တွင် နောင်တော်ကြီး၏ အရိုက်အရာကို ဆက်ခံလျက် မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာနနာယကဆရာတော် ဖြစ်လာခဲ့သည်။[48]
၂၀၀၀ ပြည့်နှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊[43] ၂၀၁၈ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊[49] ၂၀၂၀ ပြည့်နှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်ခံရသည်။[50][51] ၂၀၁၈ ခုနှစ်က မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်၌ ပြုလုပ်သည့် အကြိမ် (၂၀) မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးတွင် စည်ရှင်ဆရာတော် အရှင်အဂ္ဂဉာနာဘိဝံသနှင့်အတူ တွဲဖက်ရွှေကျင်သာသနာပိုင်အဖြစ် တင်မြှောက်ခံရသည်။[4]
ဆရာတော်သည် အသက် (၁၆) နှစ် အရွယ်ကပင် စာချကိုယ်တော်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ညီနောင်ခြောက်ပါး စုပေါင်းကာ မဟာသုဗောဓာရုံကျောင်းတိုက်ကို တည်ထောင်ပြီးနောက်လည်း စာချ၊ တိုက်ကြပ်၊ တိုက်အုပ် အဆင့်ဆင့်တာဝန်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပဓာနနာယက ဖြစ်လာခဲ့သည်။[52]
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ (၂၈) ရက် (မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၂) ရက်) နေ့တွင် မဟာသုဗောဓာရုံ၏ မုံရွာတိုက်ခွဲအဖြစ် သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက်ကို တည်ထောင်ကာ၊ နှစ်နှစ်အကြာတွင် တိပိဋကဓရ စစ်ကိုင်းဆရာတော် အရှင်အဘိဇာတာဘိဝံသကို နာယကအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။[53] ထိုနှစ် ဝါဆိုလအတွင်း၌ပင် သန်လျင်မြို့၌ ဓမ္မဝိဇ္ဇာလယ သုဗောဓာရုံကျောင်းတိုက်ကို တည်ထောင်ပြီး အရှင်ခေမိဿာရာဘိဝံသကို နာယကအဖြစ် စေလွှတ်ခဲ့သည်။[54] ထိုနှစ်များအတွင်း ကျန်းမာရေးအခြေအနေအရ ရာသီဥတုမျှတသည့် နေရာတွင် သီတင်းသုံးရန်အတွက် ၁၉၉၇ ခုနှစ်ကပင် အလှူခံရရှိထားသည့် ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မြေပေါ်၌ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၆) ရက် (၁၃၇၃ ခုနှစ်၊ နှောင်းတန်ခူးလပြည့်) နေ့တွင် ဓမ္မသဟာယသာသနစင်တာကို တည်ထောင်ပြီး၊ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ လူ့ပုဂ္ဂိုလ်များအတွက် ဓမ္မစာပေသင်တန်းကျောင်း (Institute of Dhamma Education) ကို ငါးနှစ်ကြာ ဖွင့်လှစ်သင်ကြားခဲ့သည်။[54] ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (၁၃၇၉ ခုနှစ်၊ တပို့တွဲလဆန်း (၁၄) ရက်) နေ့တွင် လှည်ကူးမြို့နယ်၊ ငါးဆူတောင်ဒေသ၌ ဓမ္မဝိနယစင်တာကို တည်ထောင်ကာ ရန်ကုန်ဓမ္မပညာသင်တန်းကျောင်း (IDE YGN) အဖြစ် ဖွင့်လှစ်ခဲ့သည်။[55]
၂၀၁၆ ခုနှစ်တွင် ဒယာနန္ဒဖောင်ဒေးရှင်းကို တည်ထောင်ကာ၊[56] အရှင်၏ဇာတိ စဉ့်ကူးနယ်၌ တိုက်နယ်ဆေးရုံအဆင့်ရှိ ၁၆ ကုတင်ဆံ့ မေတ္တာနန္ဒဆေးရုံကို ဆောက်လုပ်စေပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် နိုင်ငံတော်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။[57] ထိုနှစ် ဧပြီလ (၂၆) ရက် (၁၃၇၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၂) ရက်) နေ့တွင် ရက်ကန်းစင်တောင်ခြေ၌ သစ္စာနန္ဒဓမ္မစင်တာကို တည်ထောင်ဖွင့်လှစ်ကာ၊ ကျောင်းတိုက်အတွင်း မဟာဘဒ္ဒမုနိစေတီတော်ကိုလည်း တည်ထားခဲ့သည်။[58]
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်သလေဟမ်မြို့တွင် သစ္စာနန္ဒဓမ္မစင်တာ ကျောင်းတိုက်ကိုလည်းကောင်း၊[59] ပြင်ဦးလွင်မြို့နယ်၊ ပွေးတောင်ဒေသတွင် ဓမ္မဝိဟာရ ကျောင်းတိုက်ကိုလည်းကောင်း၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ဝဇီရာနန္ဒသုဗောဓာရုံ ကျောင်းတိုက်ကိုလည်းကောင်း ထပ်မံတည်ထောင်ခဲ့သည်။[60] ညောင်ပင်ရွာရှိ မဟာနန္ဒိရာမ ပေါ်တော်မူကျောင်းတိုက်၊[60] မတ္တရာမြို့နယ်ရှိ သာသနဇောတာရုံကျောင်းတိုက်၊[61] ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်ရှိ ဒက္ခိဏာရုံကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ရွာရှိ ဓမ္မာရုံတိုက်သစ်တို့ကိုလည်း မဟာသုဗောဓာရုံ၏ ဝံသတိုက်ခွဲများအဖြစ် စီမံအုပ်ချုပ်ခဲ့သည်။[62]
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၏ အနောက်မြောက်ထောင့်ရှိ နောင်တော်ကြီး အရှင်နာရဒ၏ အန္တိမဈာပနကျင်းပရာနေရာတွင် ရဋ္ဌဂုရုဗိမာန်တော်ကို တည်ဆောက်ကာ၊ နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့တိုင်း နာယကဆရာတော်ကြီးအထိမ်းအမှတ် ရဋ္ဌဂုရုပူဇာကုသိုလ်ပွဲကို ကျင်းပစေခဲ့သည်။[63]
ဆရာတော်သည် ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အတွင်း မဟာသုဗောရုံ တိုက်အုပ်ဆရာတော်ဘဝဖြင့် ဧရာဝတီတိုင်း၊ ကျုံပျော်အနီးတဝိုက်တွင် မလွန်ဆန်လှူအသင်းနှင့် ဆက်စပ်၍လည်းကောင်း၊[64] တိုက်ကြီးမြို့နယ်ဘက်တွင် စာပြန်ပွဲများ၌လည်းကောင်း တရားဟောပြမှုများ ပြုလုပ်ခဲ့သည်။[65] ၂၀၀၀ ပြည့်လွန်နှစ်များတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ MRTV-4 ရုပ်သံလိုင်းက "မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ"၊ "ယနေ့လူသားများနှင့် မနက်ဖြန်ကမ္ဘာ"၊ "သောတာပန်၏ ဘဝရုပ်ပုံလွှာ"၊ "နှစ်ဦးကာလ ဓမ္မလက်ဆောင်"ဟူသော တရားတော်များ လာရောက်ရိုက်ကူးကာ ထုတ်လွှင့်ပြသရာမှ ပါမောက္ခချုပ်ဆရာတော်အဖြစ် လူသိများထင်ရှားလာခဲ့သည်။[65] ဘဝခရီးနှင့် ဓမ္မဆီမီး (၂၀၂၀) တွင် စာရင်းပြုစုထားမှုအရ ဟောကြားခဲ့သည့် တရားအပုဒ်ရေ စုစုပေါင်း ၂၈၀၁ ပုဒ် ရှိသည်ဟုဆိုသည်။[66]
ဆရာတော်သည် သီရိလင်္ကာနိုင်ငံ၌ မဟာတန်းတက်ရောက်နေစဉ် ကမ္မဋ္ဌာန်းစင်တာ တစ်ခုတွင် တရားဟောပြမှုများ ပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ ဘော်လ်တီမောမြို့ရှိ ကေလာသဝိဟာရကျောင်းတိုက်သို့ ကြွရောက်ကာ မြန်မာဗုဒ္ဓဘာသာဝင်များကို အဘိဓမ္မာသင်ခန်းစာများ ပို့ချပေးခဲ့သည်။[67]
ဂျာမန်ဗုဒ္ဓဘာသာသမဂ္ဂအဖွဲ့ဝင် ဒေါ်အဂ္ဂဉာဏီ၏ ပင့်ဖိတ်မှုအရ[67] ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ (၆) ရက်မှ (၂၀) ရက်နေ့အထိ[43] အရှင်၏ ပထမဆုံး ဥရောပသာသနာပြု ခရီးစဉ်အဖြစ် ဂျာမနီနိုင်ငံသို့ ကြွရောက်ကာ အဘိဓမ္မာတရားတော်ကို ပို့ချပေးခဲ့သည်။[68] ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်မှ ဩဂုတ်လ (၁၄) ရက်နေ့အထိ[69] နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့နှင့် ဂျာမနီနိုင်ငံတို့တွင် မဟာသတိပဋ္ဌာန်နှင့် အဘိဓမ္မာတို့ကို သင်ကြားပြသခဲ့သည်။[70] ၂၀၀၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်မှ ဇူလိုင်လ (၂၆) ရက်နေ့အထိ[71] ဂျာမနီ၊ နယ်သာလန်၊ ဩစတြီးယားနိုင်ငံများသို့ ကြွရောက်ကာ တရားဓမ္မများ ဟောကြားပြသခဲ့သည်။[72] ၂၀၀၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ ၄၂ ရက်ခန့်ကြာမြင့်သည့် စတုတ္ထအကြိမ်ခရီးစဉ်တွင်မူ[73] ဂျာမနီ၊ နယ်သာလန်၊ ဩစတြီးယားနိုင်ငံများအပြင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့သို့ပါ ကြွရောက်ပြီး မဟာသတိပဋ္ဌာနသုတ်၊ ပဋိစ္စသမုပ္ပါဒ်၊ ဝိပဿနာအတွက် အဘိဓမ္မာ စသည်တို့ကို ဟောကြားပို့ချခဲ့သည်။[74]
ဆရာတော်သည် ကိုမာလာ၊ ကိုတုလ (စစ်ကိုင်း)၊ အသျှင်နန္ဒမာလာဘိဝံသ ဟူသော ကလောင်အမည်များဖြင့် ၁၉၇၂ ခုနှစ်မှစတင်ကာ ဓမ္မဗျူဟာစာစောင်၌ အချစ်နည်းနည်းလျှော့၊ မုန်းတုံ့ကိုဖြေ စသည့် ဓမ္မရသဆောင်းပါးများ ရေးသားခဲ့သည်။[75] စာရင်းအရ ကိုမာလာအမည်ဖြင့် ငါးပုဒ်၊ ကိုတုလ (စစ်ကိုင်း) အမည်ဖြင့် နှစ်ပုဒ်၊ အသျှင်နန္ဒမာလာဘိဝံသအမည်ဖြင့် နှစ်ပုဒ် ရှိသည်ဟုဆိုသည်။[75] မဟာသုဗောဓာရုံ ကျောင်းတိုက်တည်ထောင်မှု (၂၅) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တည်ထားသည့် သိရီဝိဇယငွေရတုစေတီ၏ ကြေးရွှေထီးတော်တင် ကောင်းကင်ကြိုးကို မောင်ညီထွေးအမည်ဖြင့် ရေးစပ်ခဲ့ဖူးသည်။[76]
နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီး၏ သက်တော် (၁၀၀) ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် ဂုရုဝဏ္ဏနာဂါထာတစ်ရာကိုလည်းကောင်း၊[77] ဧကာဒသမရွှေကျင်သာသနာပိုင် ကြေးမြင်ဆရာတော်ကြီး၏ သက်တော် (၁၀၀) ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် ဂဏုက္ကဋ္ဌဝဏ္ဏနာဂါထာတစ်ရာကိုလည်းကောင်း၊[78] တေရသမရွှေကျင်သာသနာပိုင် ညောင်ရွှေကန်ကြီးဆရာတော်ကြီး၏ ညောင်ရွှေကန်ကျောင်းတိုက် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ရဋ္ဌဂုရုဝဏ္ဏနာဂါထာငါးဆယ်ကိုလည်းကောင်း ရေးစပ်သီကုံးပူဇော်ခဲ့သည်။[79]
၁၉၇၂ ခုနှစ်တွင် ဂုရုပ္ပတ္တိကထာ အမည်ရ စံကင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိကို မတ္တရာသူဌေးဆရာတော် အရှင်မာနိတသိရီဘိဝံသနှင့် တွဲဖက်၍ ပြုစုခဲ့သည်။[80][81] ၁၉၇၆ ခုနှစ်တွင် စစ်ကိုင်းတောင်ရိုးရှိ သမိဒ္ဓေါချောင်မှ ဆရာကြီး ဒေါ်မာလာရီ၏ အတ္ထုပတ္တိအဖြစ် သမိဒ္ဓေါဒယဆရာကြီး ဒေါ်မာလာရီ နှစ်ကိုးဆယ်ကျော် ဘဝခရီးကို ရွှေဟင်္သာဆရာတော်၏ တိုက်တွန်းချက်အရ ရေးသားပြုစုခဲ့သည်။[82] ၁၉၇၇ ခုနှစ်တွင် ဒွါဒသမရွှေကျင်သာသနာပိုင် ရွှေဟင်္သာဆရာတော်ကြီး၏ ထေရုပတ္တိကို ရွှေဟင်္သာဆရာတော်၏ ဘဝနှင့်စာပေအထွေထွေဟူ၍ ပြုစုထုတ်ဝေခဲ့သည်။[83]
၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိပိဋကဆရာတော် အမှူးပြုသော တပည့်ကြီးများက အရှင်၏ (၇၅) နှစ်ပြည့် စိန်ရတုဝိဇာတဂုရုပူဇာအဖြစ် အရှင်ရေးဖွဲ့ခဲ့သော ဂါထာများကို ဓမ္မဂီတိကာအမည်ဖြင့်လည်းကောင်း၊ စကားပြေပိုင်းဆိုင်ရာ ဆောင်းပါးစသည်တို့ကို ဓမ္မစာပေအထွေထွေအမည်ဖြင့်လည်းကောင်း စုစည်းထုတ်ဝေခဲ့ကြသည်။[84] "လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်"၊ "အဘိဓမ္မာ မြတ်ဒေသနာ"၊ "ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် ဆင်ခြင်သုံးသပ်ခြင်း"၊ "ပဋ္ဌာန်းမြတ်ဒေသနာ"၊ သုတ္တန်အနှစ်ချုပ်များစသည့် ဆရာတော်ဟောကြားခဲ့သော တရားတော်များကို အသံမှစာစီကာ ပုံနှိပ်ထုတ်ဝေခဲ့ရာ ဓမ္မစာစဉ်ပေါင်း ရာကျော်ထုတ်ဝေခဲ့ပြီးဖြစ်သည်။
ဆရာတော်၏ဘဝတစ်သက်တာ ထေရုပတ္တိကို မြသန်းစံက ဘဝခရီးနှင့် ဓမ္မဆီမီးအမည်ဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး၊ ထိုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာဆု) ကို ရရှိခဲ့သည်။[85][86] တစ်နှစ်ကြာအချိန်ယူရေးသားခဲ့သော ထိုစာအုပ်တွင် အရှင်၏ ဘဝအကြောင်းကို အခန်း ၂၃ ခန်းခွဲကာ ပြုစုဖော်ပြထားသည်။[87]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.