![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/42/Celine_Dion_Concert_Singing_Taking_Chances_2008.jpg/640px-Celine_Dion_Concert_Singing_Taking_Chances_2008.jpg&w=640&q=50)
စလင်း ဒီယွန်
ကနေဒါအဆိုတော် ( ၁၉၆၈တွင် မွေးဖွားသည် ) / From Wikipedia, the free encyclopedia
စလင်း မာရီး ကလောဒက် ဒီယွန် (အင်္ဂလိပ်: Celine Marie Claudette Dion)[မှတ်စု 1] (မွေးဖွား- ၃၀-မတ်-၁၉၆၈) သည် ကနေဒါလူမျိုး အဆိုတော်တစ်ဦးဖြစ်၍ ကနေဒါနိုင်ငံ၊ ကွီဗက်ပြည်နယ်၊ မွန်ထရီယိုမြို့ ရှားလာမေးန် ဆင်ခြေဖုံး(Charlemagne)တွင် မိသားစု ခပ်ကြီးကြီးတစ်ခုမှ မွေးဖွားခဲ့သည်။ ၁၉၈၀နှစ်များအတွင်း ဇာတိမြို့၌ ပြင်သစ်ဘာသာစကားဖြင့်သီဆိုထားသော တေးသီချင်းခွေများစွာနှင့်အတူ ဆယ်ကျော်သက်ကြယ်ပွင့်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၁၉၈၂ ယမဟာ ကမ္ဘာ့လူကြိုက်များသော သီချင်းပွဲတော် နှင့် ၁၉၈၈ ယူရိုဗီးရှင်း သီချင်းဆိုပြိုင်ပွဲနှစ်ခုလုံးတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို စတင်ရရှိခဲ့သည်။ အင်္ဂလိပ်ဘာသာစကားသင်ယူပြီးနောက် အမေရိကတွင် အက်ပစ်တေးသံသွင်း(Epic Records)နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ၁၉၉၀တွင် သူမ၏ ပထမဆုံး Unison (အင်္ဂလိပ်ဘာသာ) တေးအယ်လ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့ရင်း မြောက်အမေရိကနှင့် အခြားအင်္ဂလိပ်စကားပြောနယ်ပယ်များတွင် အလားအလာရှိသော ပေါ့ပ်အဆိုတော်တစ်ယောက်ဆိုသော အနေအထားကို တည်ဆောက်နိုင်ခဲ့သည်။
စလင်း ဒီယွန် CC OQ | |
---|---|
![]() မွန်ထရီယိုမြို့ ဘဲလ်စန်တာ အားကစားရုံကြီးတွင် Taking Chances ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်း သီဆိုနေပုံ။ ဩဂုတ်လ ၁၉ရက်၊ ၂၀၀၈ခုနှစ်။ | |
မွေးဖွား | စလင်း မာရီး ကလောဒက် ဒီယွန် (1968-03-30) ၃၀ မတ်၊ ၁၉၆၈ (အသက် ၅၆) မွန်ထရီယိုမြို့ ရှားလာမေးန် ဆင်ခြေဖုံး၊ ကွီဗက်ပြည်နယ်၊ ကနေဒါနိုင်ငံ။ |
အလုပ်အကိုင် | အဆိုတော် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၀–လက်ရှိ |
ကြွယ်ဝမှု | $700 million[1] |
အိမ်ထောင်ဖက်(များ) | Rene Angelil (လက်ထပ် ၁၉၉၄; died ၂၀၁၆) |
သားသမီး | ၃ဦး |
မိဘ(များ) | Adhemar-Charles Dion နှင့် Therèse Tanguay Dion |
ရရှိသည့်ဆုများ | အပြည့်အစုံကြည့်ရန် |
ဂီတခရီးလမ်း | |
ဂီတဟန် |
|
တူရိယာ | အသံ |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု | David Foster |
ဝက်ဘ်ဆိုက် | celinedion.com |
၁၉၉၀နှစ်များအတွင်း Falling into You (1996) နှင့် Let's Talk About Love စသည့်တို့ကဲ့သို့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်များဖြန့်ချိခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အောင်မြင်ကျော်ကြားမှုကို ရရှိခဲ့သည်။ The Power of Love (မူရင်း-Jennifer Rush)၊ Think Twice၊ Because You Loved Me၊ My Heart Will Go On၊ I'm Your Angel စသည်တို့အပါအဝင် နိုင်ငံတကာ နံပါတ် (၁) အဆင့်ရ အောင်မြင်သည့် သီချင်းအများအပြားကိုလည်း အောင်မြင်စွာ သီဆိုခဲ့သည်။ ဒီယွန်သည် ဆက်လက်၍ အင်္ဂလိပ်အယ်လ်ဘမ်များကြား၌ ပြင်သစ်တေးအယ်လ်ဘမ်များကို ထုတ်ဝေခဲ့ကာ S'il suffisait d'aimer (1995)၊ Sans attendre (2012)၊ Encore un soir (2016)တို့သည်ပြင်သစ်၌ ထိပ်တန်းစာရင်းဝင် ပေါက်မြောက်ခဲ့သည်။ ၂၀၀၀ခုနှစ်များတွင် Las Vegas Stripတွင် A New Day ဖျော်ဖြေမှု၌ အလွန်အောင်မြင်သည့် တင်ဆက်ဖျော်ဖြေသူ ဂုဏ်ပုဒ်ကို တည်ဆောက်ခဲ့ကာ Taking Chances ကမ္ဘာလှည့် ဖျော်ဖြေမှုများနှင့် အတူ သမိုင်း၌ဝင်ငွေအများဆုံးရသော လှည့်လည်ဖျော်ဖြေသည့် ဂီတတင်ဆက်မှုလည်းဖြစ်သည်။
ဒီယွန်၏ ဂီတပုံစံကို များစွာသော ဂီတအမျိုးအစားများက လွှမ်းမိုးထား၍ ထိုဂီတနယ်ပယ်များမှာ ရော့ခ်၊ အာရ်အန်ဘီ၊ ဂေါ့စပယ်(ဓမ္မတေး)၊ ဥရောပဂန္ထဝင်ဂီတ စသည်တို့ဖြစ်ကြသည်။ တေးအခွေများမှာ အဓိကအားဖြင့် ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်လေသည်။ သို့သော် စပိန်၊ အီတလီ၊ ဂျာမန်၊ လက်တင်၊ ဂျပန်နှင့် တရုတ်ဘာသာစကားများဖြင့်လည်း သီဆိုသည်။ သူမသီချင်းများသည် မကြာခဏဆိုသလို အမျိုးမျိုးသော ဝေဖန်တုံ့ပြန်မှုများစွာရရှိသော်လည်း ပေါ့ပ်ဂီတ၏ လွှမ်းမိုးနိုင်မှုအရှိဆုံး အသံပိုင်ရှင်များအနက်က တစ်ဦးအဖြစ် ယူဆသတ်မှတ်ကြသည်။ ဂရမ်မီဆုငါးကြိမ်ဆွတ်ခူးရရှိခဲ့ပြီး ဘီလ်ဘော့ဒ်က အမျိုးသမီးတေးသံရှင် အသံလွှင့်ပုံစံ (ရေဒီယိုပုံစံ) ၌ နံပါတ် (၁)အဆင့်ရသီချင်းအများဆုံးရရှိသည့်အတွက် Queen of Adult Contemporary ဟုအမည်ပေးခဲ့သည်။[2]
နီးလ်ဆန် သီချင်း/အယ်လ်ဘမ် ရောင်းအားစာရင်းကောက်ယူမှု (Nielsen SoundScan)ခေတ်အတွင်း အမေရိက၌ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး အမျိုးသမီးတေးသံရှင်လည်းဖြစ်၏။ နိုင်ငံတကာတေးသံသွင်းလုပ်ငန်းအဖွဲ့ချုပ် (International Federation of the Phonographic Industry-IFPI) က ဥရောပတွင် တေးအယ်လ်ဘမ်သန်း (၅၀)ကျော်ရောင်းချရမှုအတွက် ၂၀၀၃ တွင် ဂုဏ်ပြုခဲ့သည်။ ကမ္ဘာအနှံ့ သီချင်းအပုဒ်ရေ သန်း (၂၀၀) ကျော်ရောင်းချနိုင်မှုနှင့်အတူ သမိုင်း၌ ရောင်းအားအကောင်းဆုံး အနုပညာရှင်များအနက်က တစ်ယောက်နှင့် (တေးသီချင်း)ရောင်းအားအကောင်းဆုံး ကနေဒါလူမျိုးအနုပညာရှင်အဖြစ် ရပ်တည်နေလျက်ရှိသည်။[3][4][5]