ဗြိတိသျှခေတ် မြန်မာနိုင်ငံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲ ရန်ကိစ္စတွင် အမည်ထင်ရှားခဲ့သော ဆာ ဂျွန် ဆိုင်မွန်သည် ၁၈၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မန်ချက်စတာမြို့၌ ဖွားမြင်၍၊သူ၏အမည်အပြည့်အစုံမှာဂျွန် အောစဗရွတ် ဆိုင်မွန်ဖြစ်လေသည်။ငယ်စဉ်က အောက်စဖို့တက္ကသိုလ်၌ ပညာသင်ယူပြီးနောက်၊၁၈၉၉ ခုနှစ်မှစ၍ဝတ်လုံတော်ရအဖြစ်ဖြင့် အသက်မွေးသည်။နောင်သောအခါ လစ်ဗရယ်ပါတီဝင်အဖြစ်ဖြင့် နိုင်ငံရေးကိုလိုက်စားခဲ့ရာ၊၁၉ဝ၆ ခုနှစ်တွင် ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်အမတ် ဖြစ်လာလေသည်။ ပါလီမန်သို့ အကြိမ်ကြိမ်အဖန်ဖန် အရွေးခံခဲ့ရသည်။

Thumb
ဗစ်စကောင့် ဆာ ဂျွန် ဆိုင်မွန်

၁၉၁ဝ ပြည့်နှစ်၌ ပါလီမန်အဖွဲ့ဝင် ဥပဒေအရာရှိချုပ်အဖြစ် ဆောင်ရွက်စဉ်၊ ဆာဘွဲ့ဖြင့် သူကောင်း ပြုခြင်းခံရသည်။ ၁၉၁၃ ခုနှစ်၌ နိုင်ငံတော်ရှေ့နေချုပ်ဖြစ်လာသည်၊ ၁၉၁၅-၁၆ ခုနှစ်အတွင်းတွင် ပြည်ထဲရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ရာမှ အရွယ်ရောက်သူယောကျာ်းတိုင်း စစ်မှုထမ်းရမည်ဟူသောစနစ်ကို မထောက်ခံနိုင်သောကြောင့်၊ ရာထူးမှနုတ်ထွက်ခဲ့သည်။ ထို့နောက် ၁၉၁၈ ခုနှစ်တွင် ပါလီမန်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ပြီးလျှင်၊ ၁၉၂၂ ခုနှစ်သို့ရောက်သောအခါမှ ပြန်လည်အရွေးခံရသည်။ ထိုအခါမှစ၍ ပါလီမန်အမတ် အဖြစ်ဖြင့် အစဉ်တစိုက် ဆောင်ရွက်လာခဲ့ရာ၊ ၁၉၂၇-၃ဝ ပြည့်နှစ်အတွင်း၌ အိန္ဒိယပြည်အား ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ပါလီမန် မှ ပြဋ္ဌာန်းဖွဲ့စည်းလိုက်သော စုံစမ်းရေးကော်မစ်ရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ ထိုအစီရင်ခံစာသည် ဆိုင်မွန်ကော်မစ်ရှင် အစီရင်ခံစာဟု အမည်တွင်လေသည်။

ထိုစဉ်က မြန်မာပြည်မှာ အိန္ဒိယဗဟိုအစိုးရ၏ ပြည်နယ်တနယ်မျှသာဖြစ်လေရာ၊ ဆိုင်မွန်ကော် မစ်ရှင်အစီရင်ခံစာတွင် မြန်မာပြည်အုပ်ချုပ်ရေးလည်း အကျုံးဝင်လေသည်။ မြန်မာပြည်ရှိ တိုင်းရင်းသားတို့၏ အယူအဆ၌ကား ဆိုင်မွန်ကော်မစ်ရှင် အစီရင်ခံစာတွင် ပါရှိသော အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုအတွက် လျာထားချက်များသည် မြန်မာတို့၏ အာသီသနှင့် မကိုက်ညီဟု ယူဆကြလသည်။


စုံစမ်းရေးကော်မစ်ရှင် ဥက္ကဋ္ဌအဖြစ်ဖြင့် အိန္ဒိယ၌ ရှိစဉ်၊ ဝတ်လုံလိုက်ခြင်း ဆက်လက်မပြုတော့ဟု ကြေညာခဲ့၏။ ဝတ်လုံလိုက်စဉ်က ဝင်ငွေတစ်နှစ်လျှင် စတာလင်ပေါင်ပေါင်း ၅ဝဝဝဝ မျှရှိသည်။

ဆာဂျွန်သည် ၁၉၃၁ ခုနှစ်တွင် ဗြိတိသျှအစိုးရ၏ နိုင်ငံခြားရေးဌာနဝန်ကြီး ဖြစ်လာလေသည်။ ယင်းဝန် ကြီးအဖြစ်ဖြင့် ၁၉၃၅ ခုနှစ်အထိဆောင်ရွက်သည်။ ၁၉၃၅-၃၇ ခုနှစ်အတွင်း၌မူ ပြည်ထဲရေးဌာနဝန်ကြီးအဖြစ် ဆောင်ရွက်၍၊ ၁၉၃၇-၄ဝ ပြည့်နှစ်အတွင်းတွင် ဘဏ္ဍာရေးဌာနဝန်ကြီး ဖြစ်လာသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ချိန်ဗာလိန်နှင့်အတူ ဝန်ကြီးရာထူးမှ နုတ်ထွက်ရလေသည်။ ၁၉၃၁ ခုနှစ်မှစ၍ သူသည် လစ်ဗရယ်နေရှင်နယ်ပါတီ၏ ခေါင်းဆောင်အဖြစ်ဖြင့်ဆောင်ရွက်ခဲ့၏။ ၁၉၄ဝ ပြည့်နှစ်တွင် ဗိုင်းကောင့်ခေါ် မှူးမတ်ငယ်အဖြစ် သူ ကောင်းပြုခြင်းခံရ၍၊ ဗြိတိသျှပါလီမန် အထက်လွှတ်တော်တွင် ပါဝင်ကာ၊ ယင်းလွှတ်တော်၏သဘာပတိ(လော့ချန်စယ်လာ) အဖြစ်ဖြင့် ၁၉၄၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့၏။ယင်းအထက် လွှတ်တော်သည် ဗြိတိသျှနိုင်ငံ၏ အမြင့်မားဆုံးသောအယူခံတရားရုံးလည်းဖြစ်သဖြင့်၊အထက်လွှတ်တော်သဘာပတိမှာ နိုင်ငံတော်တရားဝန်ကြီးချုပ်ဟူ၍လည်းမည်ပေသည်။၁၉၄၅ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရပြုတ်ကျသောအခါ၊အထက်လွှတ်တော်အဖွဲ့ဝင်အဖြစ်ဖြင့် ဆက်လက်နေခဲ့၏။ဗိုင်းကောင့်ဆိုင်မွန် သည် ၁၉၅၄ ခုနှစ် ဇန္နဝါရီလ ၁၁ရက်နေ့တွင် လန်ဒန်၌ ကွယ်လွန်လေသည်။[1]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.