ဂျိုးဇတ် စတာလင်
ဆိုဗီယက်ပြည်ထောင်စုအား ၁၉၂၄ မှ ၁၉၅၃ ထိ အြပ်ချုပ်ခဲ့သော ခေါင်းဆောင် / From Wikipedia, the free encyclopedia
ဂျိုးဇတ်စတာလင် (Joseph Stalin) သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အမည်ရင်းမှ အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ် ဖြစ်ပြီး ကော့ကေးရှပ်တောင်တန်းများပေါ်ရှိ ယခင်ရုရှအင်ပါယာ၏ ပြည်နယ်တစ်ခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့ဂျော်ဂျီယာနိုင်ငံ) ရှိ လယ်သမား ဇနီးမောင်နှံတို့မှ ၁၈၇၉ ခုနှစ်၊ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ တော်လှန်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်သောအခါ၌ စတာလင်ဟူသော အမည်သို့ ပြောင်းခဲ့လေသည်။ စတာလင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ သံမဏိ ဖြစ်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစကားကို သင်ယူရသဖြင့် သူ၏ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟုဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို (၂၅) နှစ်မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင်ရက်စက်သူ၊ အလွန်အမင်းကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှ သမိုင်းတွင်သည်အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်းသန်းနှင့်ချီကာ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုသည်။ တစ်ဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးဩဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှားပါသေးသည်။
ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ ဖခင် ဖိနပ်ချုပ်သမားမှာ အရက်အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမားဖခင်ကွယ်လွန်ချိန်တွင် အသက် ၁၁နှစ်သာရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ သားဖြစ်သူအား ဘုန်းကြီး လုပ်စေလိုသော မိခင်၏ဆန္ဒအရ စတာလင်သည် ၉ နှစ်သားအရွယ်၌ ကျမ်းစာ သင်ကျောင်းသို့ ဝင်ရောက် ပညာသင်ကြားလေသည်။ ထိုကျောင်း၌ပညာဆုံးခန်း တိုင်၍ ၁၅ နှစ်အရွယ် ရောက်လျှင် ဂျော်ဂျီယာပြည်နယ်၏ မြို့တော်ဖြစ်သော တစ်ဖလစ်မြို့ရှိ သာသနာ့ ဝန်ထမ်းဆိုင်ရာ ကျောင်းသို့သွားရောက်ကာ ကျမ်းစာများကို ဆက်လက်ဆည်းပူးသည်။
၁၈၉၉ အသက် ၁၉ နှစ်အရွယ်တွင် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့သဖြင့် ဖောက်ပြန်သည့်အယူဝါဒများကို ဖြန့်ချိသည် ဟူသော စွပ်စွဲချက်ဖြင့် တစ်နှစ်အကြာတွင် သာသနာ့ဝန်ထမ်းကျောင်းမှ ထုတ်ပယ်ခြင်း ခံရလေသည်။ ထို့နောက် စတာလင်သည် တစ်ဖလစ်မြို့ ၌ပင် စာရေးအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရင်း၊ ဇာဘုရင် တော်လှန်ရေးလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေစဉ် ဘုရင့်အစိုးရသည် စတာလင်အား ၁၉ဝ၁-ခုနှစ်၊ အလုပ်သမားများ ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု ဖမ်းဆီးကာ ဆိုက်ဗီးရီးယားသို့ နယ်နှင်လိုက်လေသည်။ ၁၉ဝ၄-ခုနှစ်မှ ၁၉၁၇-ခုနှစ်များအတွင်း စတာလင်သည် ဆိုက်ဗေးရီးယားမှ လေးကြိမ်တိုင်တိုင် ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံး၌ အဖမ်းခံရသည်ချည်း ဖြစ်၏။
၁၉ဝ၃ ခုနှစ်တွင် ဗော်လရှီဗစ် နှင့် မင်ရှီဗစ် ဟူ၍ ရုရှဆိုရှယ် ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသွားသောအခါ စတာလင်သည် လီနင်ဦးစီးသော ဗော်လရှီဗစ်အဖွဲ့သို့ လိုက်ပါခဲ့သည်။ ဆိုက်ဗီးရီးယားမှ မကြာခဏ ထွက်ပြေး လွတ်မြောက်ခိုက်အတွင်း စတာလင်သည် ဗော်လရှီဗစ်တို့၏ ပြည်သူ့ တော်လှန်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လေ၏။ နိုင်ငံရေးသမားအနေဖြင့် (၆) ကြိမ်တိုင်တိုင်ဖမ်းဆီးခံခဲ့ရပြီး သံမဏိလူသား ဟူသော အမည်ပြောင်ကိုပါ ရရှိခဲ့သည်။ ထိုအတောအတွင်း စတာလင်သည် ၁၉ဝ၅-ခုနှစ်တွင် ဖင်လန်နိုင်ငံ၌ ကျင်းပသော ဗော်လရှီဗစ် ညီလာခံသို့ ကော်ကေးဆပ်နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသဖြင့် ခေါင်းဆောင်ကြီး လီနင်နှင့် စတင်တွေ့ရှိခဲ့၍ ၁၉၁၂ ခုနှစ်တွင် ဗော်လရှီဗစ်တို့၏ ဗဟိုအမှုဆောင်တစ်ဦး ဖြစ်လာသည်။ နောင်အခါ၌ ဆိုဗီယက် ရုရှအစိုးရ၏ အာဘော် ဖြစ်လာမည့် ပရာဗဒါ သတင်းစာ၏ စာတည်း အဖြစ်ဖြင့်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သေးသည်။