ဂရိနတ်များ
From Wikipedia, the free encyclopedia
ဂရိလူမျိုးတို့ ကိုးကွယ်သည့်နတ်များ နတ်ကိုးကွယ်မှုသည် သိပ္ပံပညာ မထွန်းကားမီ ကမ္ဘာဦး ခေတ်မှ စ၍ ဖြစ်ပေါ်လာသည်။ ကျူးပစ်၊ ဗီးနပ် စသည်တို့မှာ ကမ္ဘာ နှင့်အဝန်း လူသိများသည်။ ရောမ အမည်မှည့်ထားလင့်ကစား စင်စစ်မှာမူ ဂရိနတ်များ ဖြစ်သည်။ ထိုဂရိနတ်များကို ရောမတို့ လက်ခံကိုးကွယ်သည့် အကြောင်းကို သမိုင်းပုံပြင်တို့ဖြင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။
လောကဓာတ်ပညာ မထွန်းကားသေးသော ရှေးခေတ်တွင် ဂရိသူဟောင်းများသည် အဘယ်ကြောင့် မိုးရွာသည်၊ အဘယ်ကြောင့် နေပူသည် စသည်တို့ကို အကြောင်းမပြနိုင်ခဲ့ကြပေ။ ထို့ကြောင့် နေပူခြင်း၊ မိုးရွာခြင်း စသည့် ကမ္ဘာ့နိယာမတရား တို့သည် လူသားတို့ထက် တန်ခိုးကြီးလှသော နတ်မင်းများ၏ ဖန်တီးမှုကြောင့်သာ ဖြစ်ပေါ်ရသည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့်လည်း မိမိတို့က ထိုရေ၊ မြေ၊ လေ စသည်တို့ကို အစိုးရသော နတ်မင်းများအား ပူဇော်ပသကြလျှင် မိမိတို့အား ကူညီ စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်၍ နတ်တို့ကို ပူဇော် ပသကြလေသည်။
ရှေးဂရိသူဟောင်းတို့သည် စိတ်ကူးဉာဏ် အလွန်ကွန့်မြူး တတ်ကြ၏။ ထို့ကြောင့် တန်ခိုးရှင် နတ်များရှိသည်ဟူသော အယူအဆအတိုင်း ထိုနတ်များ၏ သဘာဝတို့ကို စိတ်ကူးဖြင့် မှန်းဆကာ ပုံပြင်များပြု၍ သားစဉ်မြေးဆက် ပြောပြခဲ့ကြလေ သည်။ နှစ်ပရိစ္ဆေဒ ရှည်လျားလတ်သော် ထိုပုံပြင်များမှာ စိတ်ကူးဉာဏ် ကွန့်မြူးချက်များသာ ဖြစ်သည်ဟု မည်သူကမျှ သတိမရကြတော့ချေ။ တန်ခိုးရှင်နတ်များ အကယ်ပင် ရှိသည် ဟု ထင်မြင်ယုံကြည်လာကြသည်။ နှစ်ပရိစ္ဆေဒကာလမြင့် လာခဲ့ သော်ငြားလည်း ထိုပုံပြင်များမှာ တိမ်ကော၍ မသွားသည့်အပြင် ထုံးဟောင်း ပုံပြင်များကို အခြေခံသော ဂရိစာပေထွန်းကားမှုကို အထောက်အပံ့ ပြုခဲ့လေသည်။
ရောမလူမျိုးတို့ ထွန်းကားလာသောအခါ တန်ခိုးရှင်နတ်များ ရှိသည်ဟု ဆက်လက် ယုံကြည်ခဲ့ကြပြန်၍ ဂရိနတ်များကိုပင် ရောမအမည်များ တပ်ကာ ကိုးကွယ်ပူဇော်သမှု ပြုခဲ့ကြပြန်လေ သည်။ ဂရိထုံးဟောင်းပုံပြင်လာ တန်ခိုးကြီးနတ်များ၏ အကြောင်းကို ရောမအမည်နှင့်ယှဉ်၍ အကျဉ်းမျှ ဖော်ပြသွား ပါအံ့။ ကွင်းပိတ်အတွင်းမှ အမည်သည် ရောမအမည် ဖြစ်၏။