ခေါက်ချိုးညီ
From Wikipedia, the free encyclopedia
ခေါက်ချိုးညီခြင်း (အင်္ဂလိပ်: symmetry, ဂရိ: συμμετρία) သည် ရှေးဂရိဘာသာတွင် သင့်တော်မှန်ကန်သည့် အချိုးအဆ၊ အစီအစဉ်၊ အတိုင်းအတာ ကိုက်ညီမှုဟုအဓိပ္ပာယ်ရသည်။[1] နေ့စဉ်သုံးစွဲသော ဘာသာစကားအနေဖြင့် လှပ၍ ညီညာသော အချိုးအဆနှင့် ဟန်ချက်ညီမျှမှု ဟုရည်ညွှန်းနိုင်သည်။[2][3][မှတ်စု 1] သင်္ချာဘာသာရပ်၌ ခေါက်ချိုးညီခြင်းနှင့်ပတ်သက်၍ ပို၍တိကျသော အဓိပ္ပာယ်သတ်မှတ်ချက်ရှိ၍ များသောအားဖြင့် ပြောင်းလဲခြင်းလုပ်ဆောင်ချက်တချို့ (Transformation function)အောက်၌ မပြောင်းလဲ အမြဲတစ်သမတ်တည်းရှိသော အရာဝတ္ထုတစ်ခုကို ကိုယ်စားပြု ရည်ညွှန်းရာ၌ သုံးစွဲသည်။ ပြောင်းလဲခြင်းလုပ်ဆောင်ချက်တချို့မှာ အရာဝတ္ထု၏ အနေအထားမပြောင်းဘဲ ရွေ့ရှားခြင်း(translation)၊ အချိုးညီ ရောင်ပြန်ထင်ဟပ်မှု(reflection)၊ ဗဟိုချက်တစ်ခု၌ အရာဝတ္ထုလည်ခြင်း(rotation)၊ အရာဝတ္ထုအချိုးအဆပြောင်းလဲခြင်း(scaling)များဖြစ်သည်။[4] ဤ နေ့စဉ်သုံးနှင့် သင်္ချာဆိုင်ရာ ရည်ညွှန်းအဓိပ္ပာယ်များမှာ ရံခါ၌ ခွဲခြားပြောဆိုနိုင်သော်လည်း အနုစိတ်သဘောအားဖြင့် ဆက်စပ်ပတ်သက်သည်။
သင်္ချာဆိုင်ရာ ခေါက်ချိုးညီခြင်းကို အချိန်ဖြတ်သန်းကုန်ဆုံးမှုနှင့်ပတ်သက်ပြီး စူးစမ်းလေ့လာနိုင်သည်။ ခေါက်ချိုးညီခြင်းကို နေရာအနေအထားဆက်သွယ်ချက်သဘောတရား(spatial relationship)အနေဖြင့်လေ့လာခြင်း၊ ဂျီဩမေထြီပြောင်းလဲခြင်း(geometric transformation)ဖြစ်စဉ်မှ တစ်ဆင့်သော်လည်းကောင်း လုပ်ဆောင်ချက်ဆိုင်ရာ ပြောင်းလဲခြင်းမှ တစ်ဆင့်သော်လည်းကောင်း လေ့လာစူးစမ်းနိုင်သည်။ ထို့ပြင် သီအိုရီပုံစံငယ်များ၊ ဘာသာစကား၊ ဂီတ တို့ပါဝင်သော စိတ္တဇနယ်ပယ်(စိတ်ကူး) အရာဝတ္ထုများ၏ ရှုထောင့်သွင်ပြင်မှလည်း လေ့လာစူးစမ်းနိုင်သည်။[5][မှတ်စု 2]
ခေါက်ချိုးညီခြင်းသဘောကို မလိုက်နာသော (သို့) ပျက်ကွက်သော စနစ်ကို ခေါက်ချိုးမညီခြင်း(asymmetry) ဟုလည်းသုံးစွဲသည်။ မှန်ရိပ်ခေါက်ချိုးညီ၊ ပတ်လည်ခေါက်ချိုးညီ၊ ပုံရိပ်ပွားတူညီ စသဖြင့် အမျိုးအစားအလိုက် အမည်ကွဲများရှိသည်။