ကွန်ပျူတာ ဗိုင်းရပ်စ်
From Wikipedia, the free encyclopedia
ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုသည်မှာ မိမိဘာသာ ပြန်၍ ပုံတူ ပွားနိုင်သော ကွန်ပျူတာ ပရိုဂရမ် တစ်မျိုး ဖြစ်ပြီး ကွန်ပျူတာ တစ်လုံးမှ အခြားတစ်လုံးသို့ ပျံ့နှံ့နိုင်သည်။ ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုသော အသုံးအနှုန်းကို အခြား မလိုလားအပ်သော အက်ဒ်ဝဲလ် နှင့် စပိုင်ဝဲလ် ကဲ့သို့ ပုံတူပွားခြင်း မပြုနိုင်သော ကွန်ပျူတာ ပရိုဂရမ်မျိုးကိုလည်း မှားယွင်းစွာ ညွှန်းဆိုခေါ်ဝေါ်လေ့ ရှိကြသည်။ ကွန်ပျူတာ ဗိုင်းရပ်စ် အစစ်အမှန်မှာ ကွန်ပျူတာ တစ်လုံးမှ အခြား ကွန်ပျူတာ တစ်လုံးသို့ ကူးစက်နိုင်သည်။ ပုံမှန်အားဖြင့် ဗိုင်းရပ်စ် စွဲကပ်နေသော ကွန်ပျူတာမှ အခြားကွန်ပျူတာ တစ်လုံးသို့ ကွန်ယက် သို့မဟုတ် အင်တာနက်မှ ဖြစ်စေ၊ ကွန်ပျူတာတွင် ဖြုတ်တပ်နိုင်သော ဖလော့ပီဒစ်စ်၊ စီဒီ၊ ဒီဗွီဒီ နှင့် ယူအက်စ်ဘီ အစ ရှိသော ကြားခံပစ္စည်းတစ်ခုမှ ဖြစ်စေ ကူးစက်နိုင်သည်။
ဗိုင်းရပ်စ်များသည် ကွန်ယက်ဖိုင်စနစ် ပေါ်တွင် ရှိနေသော ဖိုင်များကို ကူးစက်ခြင်း သို့မဟုတ် အခြား ကွန်ပျူတာများမှ ယူငင်သုံးစွဲနေသော ဖိုင်စနစ်ကို ကူးစက်ခြင်း အားဖြင့် အခြား ကွန်ပျူတာများသို့ ပျံ့နှံ့နိုင်သော အခွင့်အလမ်းကို ပို၍ များလာစေသည်။
အထက်တွင် ဖော်ပြခဲ့သလိုပင် ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုသော အသုံးအနှုန်းကို ပြန်လည်မျိုးမပွားနိုင်သော မောလ်ဝဲလ်များကိုလည်း ရည်ညွှန်းလေ့ ရှိကြသည်။ မောလ်ဝဲလ်များတွင် ကွန်ပျူတာ ဗိုင်းရပ်စ်များ၊ ကွန်ပျူတာ ဝမ်းများ၊ ထရိုဂျန် ဟော့စ်များ၊ ရုကစ်များ၊ စပိုင်ဝဲလ်များ၊ မရိုးသားသော ကြော်ငြာဝဲလ်များ နှင့် အခြား ဆိုးယုတ်ပြီး မလိုလားအပ်သော ဆော့ဖ်ဝဲလ်များ ပါဝင်သည်။ ဗိုင်းရပ်စ်များကို တစ်ခါတစ်ရံတွင် နည်းပညာ အားဖြင့် ကွဲပြားသော ကွန်ပျူတာ ဝမ်းများ ထရိုဂျန်ဟော့စ်များ စသည်တို့ဖြင့် ရောထွေးလေ့ ရှိသည်။ ကွန်ပျူတာဝမ်း များသည် ကွန်ပျူတာ စနစ်၏ လုံခြုံရေး အားနည်းချက် ကို အခွင့်အရေးယူပြီး ကွန်ယက်ပေါ်ရှိ အခြား ကွန်ပျူတာများသို့ သူ့ဘာသာ ပြန်၍ ဖြန့်ဝေလေ့ ရှိသည်။ ထရိုဂျန်ဟော့စ် ဆိုသည်မှာမူ ပုံမှန်အားဖြင့် အန္တရာယ် မရှိသည့် ပရိုဂရမ်ဟု ထင်ရသော်လည်း ဆိုးယုတ်သည့် အလုပ်များကို ကွယ်ဝှက်ထားလေ့ ရှိသော ပရိုဂရမ်မျိုးဖြစ်သည်။ ကွန်ပျူတာ ဗိုင်းရပ်စ်များ ကဲ့သို့ပင် ဝမ်း များနှင့် ထရိုဂျန်ဟော့စ်များကလည်း ကွန်ပျူတာ အတွင်းရှိ အချက်အလက်များနှင့် လုပ်ဆောင်နိုင်စွမ်း စသည်တို့ကို လျော့ကျစေနိုင်သည်။ အချို့ ဗိုင်းရပ်စ်များ နှင့် အခြားမောဝဲလ်များ၏ လက္ခဏာများမှာ အသုံးပြုသူ အနေနှင့် သတိထားမိစေနိုင်သော်လည်း အများစုမှာ လျှို့ဝှက်စွာ စွဲကပ်နေလေ့ ရှိပြီး သူတို့ကို သတိထားမိစေနိုင်သော အလုပ်မျိုး လုပ်လေ့ လုပ်ထ မရှိပေ။ အချို့သော ဗိုင်းရပ်စ်များမှာမူ သူတို့ဘာသာ ပြန်လည် မျိုးပွားခြင်းမှ လွဲ၍ အခြား ဘာမှ လုပ်လေ့ မရှိပေ။