ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များ
From Wikipedia, the free encyclopedia
ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်ဆိုသည်မှာ ဒေသရင်းမဟုတ်ဘဲ မိတ်ဆက်ရောက်ရှိလာပြီး ဦးရေပမာဏ အလွန်အကျွံဖြစ်လာကာ ၎င်းတို့နေထိုင်ရာ ပတ်ဝန်းကျင်အသစ်အား အပျက်သဘောဆောင်သည့် ပြောင်းလဲမှုကိုဖြစ်လာစေသော သက်ရှိမျိုးစိတ်တစ်မျိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးစိတ်အများစုသည် အခြားမျိုးစိတ်များနှင့်ယှဉ်တွဲ၍ သဟဇာတဖြစ်အောင် အပြန်အလှန်အကျိုးပြုခြင်းဖြင့် နေထိုင်ရှင်သန်ကြသော်လည်း[2] ကျူးကျော်မျိုးစိတ်များမှာမူ ၎င်းတို့ရောက်ရှိနေထိုင်ရာ ဒေသရင်းမဟုတ်သော နယ်မြေများနှင့် ဇီဝရပ်ဝန်းများကို ဆိုးရွားစွာထိခိုက်စေရုံသာမက ဂေဟစနစ်၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်ပျက်စီးစေပါသည်။ လူသားတို့၏ နေထိုင်ရာအရပ်နှင့် ပတ်ဝန်းကျင်အပေါ် ပြုပြင်ပြောင်းလဲမှုများကြောင့် ၎င်းတို့၏ မွေးရပ်မြေအတွင်း၌ပင် အန္တရာယ်ဖြစ်လာသော မျိုးစိတ်များအတွက်လည်း ဤဝေါဟာရကို အသုံးပြုနိုင်သည်။ ဒေသရင်းနယ်မြေအတွင်း၌ပင် အခြားဒေသတူ မျိုးစိတ်အချင်းချင်းအပေါ် ကျူးကျော်များပြားလာသော မျိုးစိတ်များ၏ သာဓကတစ်ခုမှာ ကယ်လီဖိုးနီးယား မြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်တွင် ခရမ်းရောင် သံပခြုပ်ကောင်များသည် ၎င်းတို့အား အမဲလိုက်စားသုံးသော သဘာဝသားရဲမုဆိုးများဖြစ်သည့် ကယ်လီဖိုးနီးယား ပင်လယ်ဖျံများအား လူသားများ၏ အလွန်အကျွံဖမ်းဆီးမှုကြောင့် အရေအတွက်တိုးပွားလာကာ ၎င်းသံပခြုပ်များ၏ အဓိကအစာဖြစ်သည့် ပင်လယ်ရေမှော်များမှာ အလွန်အကျွံစားသုံးခံရသောကြောင့် ပင်လယ် ရေမှော်ပင်တောများ ပြုန်းတီးလာခြင်းပင်ဖြစ်သည်။[3] ၂၁ ရာစု၌ ကျူးကျော်ဝင်ရောက်လာသော မျိုးစိတ်များဆိုင်ရာ ကိစ္စရပ်သည် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။
သက်ရှိများ၏ နှစ်ရှည်လများ တည်ရှိနေသော ဂေဟစနစ်များကို ကျူးကျော်ဝင်ရောက်ခြင်းသည် သဘာဝဖြစ်စဉ်တစ်ခုဖြစ်သော်လည်း၊ လူသားတို့၏ ပယောဂကြောင့် လွယ်ကူချောမွေ့စွာ ရောက်ရှိမှုများသည် ကျူးကျော်မှုနှုန်း၊ အတိုင်းအတာနှင့် ပထဝီဝင်အနေအထား ကွာဝေးစွာရောက်ရှိသွားမှုများ အလွန်မြင့်မားလာစေခဲ့ပါသည်။ နှစ်ထောင်ပေါင်းများစွာကတည်းက လူသားများသည် ၎င်းတို့၏ အစောဆုံးသော ရွှေ့ပြောင်းနေထိုင်မှုပြုလုပ်ချိန်ကတည်းကပင် မတော်တဆ (သို့) ရည်ရွယ်ချက်ရှိရှိ ဒေသရင်းမဟုတ်သော သက်ရှိမျိုးစိတ်များ ဖြန့်ဖြူးခြင်းအား ပြုလုပ်ခဲ့ကြပြီး၊ တဖန် စူးစမ်းရှာဖွေမှုခေတ်ကာလတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုများမှတဆင့် ပိုမိုအရှိန်မြင့်မားလာခဲ့သည်။[4][5] ကျူးကျော်ဝင်ရောက်သည့် အပင်မျိုးစိတ်များ၏ ထင်ရှားသော သာဓကများမှာ kudzu စပျစ်နွယ်ပင်၊ Andean pampas မြက်ပင် ၊ အင်္ဂလိပ် ivy ၊ Japanese knotweed နှင့် yellow starthistle တို့ဖြစ်ကြပြီး တိရစ္ဆာန်များ၏ သာဓကများအနေဖြင့် နယူးဇီလန် ရွှံ့ခရု၊ ဝက်၊ ဥရောပ ယုန်၊ ရှဉ့်၊ ကြောင်၊ ငါးကြင်းနှင့် မြွေပါမြီးတိုတို့ ပါဝင်သည်။[6][7]