![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f1/CheckersStandard.jpg/640px-CheckersStandard.jpg&w=640&q=50)
ကျားထိုးခြင်း
From Wikipedia, the free encyclopedia
ကျားထိုးခြင်းသည် လွန်စွာရှေးကျသော အိမ်တွင်းကစားမှု တစ်ခုဖြစ်၍၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလိုမှာပင် တွေ့ရှိနိုင်လေ သည်။ ယခုရေးသားသည့် ကျားထိုးခြင်းအကြောင်းမှာ အင်္ဂလိပ် ကျားထိုးခြင်း ဖြစ်သည်။ ကျားထိုးရန်ခုံမှာ စစ်တုရင်ခုံကဲ့သို့ အဖြူအနက်ကွက်ကျား ဖော်ထားသည့်အကွက် ၆၄ ကွက် ပါရှိ သော စက္ကူချပ်ထူ သို့မဟုတ် သစ်သားခုံဖြစ်လေသည်။ ကျား များမှာ သစ်သား သို့မဟုတ် အမာခံဝတ္ထုဖြင့် ပြုလုပ်ထားသည့် အပြားဝိုင်းကလေးများဖြစ်လျက် အဖြူအနက် ခွဲခြားထားလေ သည်။ ကျားထိုးခြင်းကို လူ နှစ်ယောက်သာ ကစားနိုင်သည်။ စ၍ကစားရာတွင် တစ်ယောက်က ကျားအဖြူ ၁၂ ကောင်ကို ယူ၍၊ အခြား တစ်ယောက်က ကျားအနက် ၁၂ ကောင်ကို ယူပြီးလျှင် မိမိဖက် နောက်ဆုံးသုံးတန်းရှိ အနက်ကွက်များ ပေါ်တွင် ချထားရသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f1/CheckersStandard.jpg/640px-CheckersStandard.jpg)
ကျားထိုးသည့်အခါ မိမိနှင့်ဆိုင်ရာကျားများကို တစ်လှည့်စီ တစ်ကွက်ကျ ရွေ့သွားရသည်။ ကျားအနက်ကို ယူသောသူသည် ဦးဆုံးစတင်၍ ရွေ့ရ၏။ ပွဲပြီးသည့်အခါ ကျားများကို လဲလှယ် ၍ ကစားရလေသည်။ ကျားများကို ရှေ့တည့်တည့်အကွက်သို့ မရွေ့ရချေ။ ရှေ့ဖက်ဗယ်ညာ ထောင့်တန်းအကွက်များ ရှိသည်တွင် လစ်လပ်နေသော အနက်ကွက်သို့ ရွေ့ရသည်။ နောက်သို့ ပြန်၍မရွေ့နိုင်ချေ။ ရန်သူကျားသည် မိမိကျား၏ အရှေ့ကွက်တွင် ရှိ၍၊ ထိုရန်သူကျား၏ နောက်ဖက်ရှိအကွက် သည် လပ်နေခဲ့လျှင်၊ မိမိ၏ကျားသည် ရန်သူ ကျားကိုကျော်၍ ကွက်လပ်သို့ခုန် ကာ နေရာယူလိုက်ပြီးလျှင် ရန်သူကျားကို စားနိုင်လေသည်။ ထိုအကွက်နှင့် ဆက်၍ တည့်တည့်ဖြစ်စေ၊ ထောင့်ချိုးဖြစ်စေ၊ တစ်ကွက်ကျော်လွတ်နေသေးလျှင် ရန်သူ ကျားနှစ်ကောင် သုံးကောင်လုံးကို တစ်ကြိမ်တည်း၌ပင် စားလိုက်နိုင်သည်။ စားလိုက်သောကျားများကို ကျားခုံပေါ်မှ ဖယ်ယူထားရ၏။ ဤသို့ဖြင့် ကျားတစ်ကောင်သည် ရန်သူ၏နောက်ဆုံးတန်းသို့ ရောက်ရှိသွားလျှင် ထိုးကျားကို အရောင်တူကျားတစ်ကောင် ထပ်ဆင့်ပေးလိုက်ခြင်းဖြင့် ဘုရင်မြှောက်လိုက်ရလေသည်။ ထိုသို့ပြုလုပ်ခြင်းကို ကင်းခေါ် ကျားကြီးပေးရသည်ဟုခေါ်သည်။ ကင်းသည် လွန်စွာတန်ခိုးကြီး ၏။ မိမိနေရာ အကွက်မှ ရှေ့သို့ ဖြစ်စေ၊ နောက်သို့ဖြစ်စေ၊ ထောင့်ချိုး အတိုင်း လေးဖက်လေးတန် ကွက်တူနေရာလပ်တို့ သို့ လိုသလိုတက်နိုင်၊ ဆုတ်နိုင်၊ ကျော်နိုင်၊ စားနိုင်သည်။ ကင်းသည် ထိုမျှအခွင့်အရေးရသော်လည်း၊ တစ်ခါတစ်ရံ အရွေ့မှားသွား ပါက သာမန်ရန်သူကျား၏ အစားကို ခံရတတ်သည်။ ကျားများအားလုံး အစားခံရသည့်အခါဖြစ်စေ၊ ပိတ်မိနေသည့်အခါဖြစ်စေ၊ ထိုကျားများကို ကိုင်၍ ကစားသူ သည် ရှုံးလေတော့သည်။
တစ်ဘက်နှင့်တစ်ဘက် အပြီးအပိုင် အနိုင်မကစားနိုင်ဘဲ ကျားကွက်လည်နေသောပွဲကို သရေပွဲဟု ခေါ်သည်။ ကျားများကို ရွေ့မိလျှင် ပြန်၍မချရတော့ဘဲ ဆက်၍သာ ရွေ့သွားရ၏။ ရွေ့ပြီးသောကျားကိုလည်း ပြန်၍ ရုပ်သိမ်းနိုင်ခွင့် မရှိချေ။ စည်းကမ်းတစ်ခုအရဆိုသော်၊ ရန်သူကျားကို စားနိုင်သောအခွင့်အရေးရလျက် မစားဘဲနေခဲ့လျှင် ထိုမစား သောကျားကို တစ်ဘက်ကစားသူက သိမ်းယူနိုင်ခွင့်ရှိလေသည်။ ကျားထိုးခြင်းသည် လွန်စွာစိတ်ဝင်စားဖွယ်ကောင်း၍ လူငယ်လူရွယ် ကျောင်းသားများသာမက၊ လူအများပင် နှစ်သက်ကြသော ကစားနည်းတစ်မျိုးဖြစ်၏။ ထိုကစားနည်းမှာ အပျင်းဖြေသဘောမျှသာမဟုတ်၊ ထိုးထွင်းဉာဏ်ထက်သန်စေရန် အတွက်လည်း များစွာ အထောက်အပံ့ဖြစ်စေသော ကစားနည်း တစ်ခု ဖြစ်လေသည်။[1]