ကိုးကန့်လူမျိုး
မျိုးနွယ်စု / From Wikipedia, the free encyclopedia
ကိုးကန့်လူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅မျိုး အနက်မှ လူနည်းစု တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုးကန့်ဒေသသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ တရားဝင်အားဖြင့် ‘ရှမ်းပြည်နယ် အထူးဒေသ ၁’ ဟု ခေါ်ကာ ရုံးစိုက်ရာမြို့မှာ လောက်ကိုင်မြို့ ဖြစ်သည်။ ကိုးကန့်ဒေသတွင် နေထိုင်သည့် လူဦးရေ ၁.၆ သိန်းခန့်ရှိပြီး ကိုးကန့်လူမျိုး အများစုဖြစ်သည်။
ကိုးကန့် အထူးဒေသ (အစိမ်းရောင်ဖြင့်ပြထားသည်။) | |
ရုံးစိုက်ရာမြို့ | လောက်ကိုင်မြို့ |
အစိုးရဥက္ကဋ္ဌ | ပိုင်ဆော်ချိန် (白所成) |
ဧရိယာ | 2,060 km2 |
လူဦးရေ | ၁.၆ သိန်း |
လူမျိုး | ကိုးကန့် 87%[1]၊ ရှမ်း 4%[2]၊ ဝ 1%[2] |
ဘာသာစကား | ကိုးကန့်စကား (တရုတ်စကား)[3] |
ငွေကြေးစနစ် | တရုတ်ယွမ်ငွေ(လက်ရှိ) |
ကိုးကန့် ဟူသောအခေါ်အဝေါ်မှာ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကိုးကန့်လူမျိုးများ၏ ရှင့်တာဟု အကြီးအကဲက ၎င်းတို့၏ နေရာမြေကို ကိုးကန့်ဟု ကင်ပွန်းတပ် ပေးခဲ့ချိန်မှ စတင်ခဲ့သည်။ ယင်းဒေသအား ၁၈၄၀ ခုနှစ်တွင် မန်ချူး ချင်မင်းဆက်မှ ကိုးကန့်ခရိုင်အဖြစ် သတ်မှတ်ပေးခဲ့သည်။ နောက်ကာလများတွင် မြန်မာဘုရင်မှ နယ်မြေများ တိုးချဲ့သိမ်းယူတိုက်ခိုက်ရာမှ စတင်၍ မြန်မာ့ပိုင်နက်နယ်မြေထဲသို့ ပါဝင်လာခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနှင့်တရုတ်တို့ ကျရောက်စဉ်က ကိုးကန့်နယ်မြေမှာ မြန်မာဘုရင်၏ လက်အောက်ခံနယ်မြေဖြစ်နေသဖြင့် လွတ်လပ်ရေးရလာသောအခါ တရားဝင်မြန်မာပိုင်နက်နယ်မြေဖြစ်လာခဲ့သည်။ [4]。