နျုရွန် (ကိုယ်တွင်းလျှပ်ကူးဆဲလ်)များတလျှောက် ဖြစ်ပေါ်သော ကိုယ်တွင်းလျှပ်လှိုင်း (အင်္ဂလိပ်: action potential) ၎င်းနျူရွန်၏ ဆဲလ်ပိတ်လွှာတလျှောက် ဆဲလ်တွင်းပြင် လျှပ်ညှို့အင် ဆောင့်တိုးလျော့တုံ ပြောင်းလဲသွားခြင်း[1] (လျှပ်ဓာတ်ဆောင် အမှုန်တို့ ဆဲအတွင်းအပြင် ပြေးဝင်တုံပြေးထွက်တုံများ ကပ်လျက်အလျားတလျှောက် ဖြစ်ပျက်လက်ဆင့်ကမ်းသွားခြင်း)ကြောင့် လျှပ်စစ်စက်ကွင်း ပြောင်းယိမ်းဂယက် ကူးလျှောက်သွားခြင်း ဖြစ်၏။
ဤပုံပါ နျူရွန်တခုခုရှိ အထွက်တံပိုင်း (axon of a neuron) ၏ ဝန်းကျင်၌ လျှပ်ဓာတ်ဆောင် အမှုန်များစုဝေးနေသည်၊ အဖိုဓာတ်ဆောင်များ အဖြစ် ဆိုဒီယမ်အိုင်းယွန်း (Na+) များနှင့် ပိုတက်ဆီယမ်အိုင်းယွန်း (K+) များ၊ အမဓာတ်ဆောင်များ အဖြစ် အခြားအမှုန်များ ရှိမည်။ နျူရွန်ဆဲလ်အပြင်၌ နေမြဲအားဖြင့် လျှပ်ဖိုဓာတ်မှုန်များ ပိုကဲတင်းစုလျက် ရှိစဉ် ဆဲလ်တွင်းပြင် လျှပ်ညှို့အင်က အတိုင်းအတာတခုရောက်လျှင် ဆဲလ်ပိတ်လွှာ (မမ်ဘရိန်း) က အပြင်မှ တိုးဝင်နေသည့် လျှပ်ဖိုမှုန်တို့အနက် Na+ များကို ဆဲလ်အတွင်း (နျူရွန်၏ အထွက်တံအတွင်း) ပေးဝင်လိုက်၍ အတွင်းပိုင်း၌ လျှပ်ဖိုစုပြုံပိုကဲမှု (++++) ထိုနေရာတဝိုက် ဖြစ်သွား၏။ ထို့နောက် ခဏအတွင်း၌ပင် ဆဲလ်တွင်းမှ K+ တို့ကိုမူ နျူရွန်ဆဲလ် အပြင်သို့ ထုတ်ပစ်သဖြင့် ထိုအတွင်းပိုင်း၌ လျှပ်မစုပြိုပိုကဲမှု (- - -) ပြန်ဖြစ်သွား၏။ လျှပ်စစ်စက်ကွင်း၏ ဤသို့သော တပိုင်းချင်း ပြောင်းတုံပြန်လှည့် လှုပ်ခတ်မှုတို့မှာ ကပ်လျက်သောနေရာများတလျှောက် ပုံပါအတိုင်း ဖြစ်ပျက်သွားသဖြင့်၊ ခြုံကြည့်လျှင် လျှပ်စစ်စက်ကွင်း ဂယက်ထမှု လက်ဆင့်ကမ်းခြင်းမျိုး ဖြစ်၏၊ ဤသည်ကမျိုးကပင် ကိုယ်တွင်လျှပ်လှိုင်း (action potential) တကြောင်းချင်း ဖြစ်တော့၏။ နေ့စဉ်ဘဝ၏ တိုတောင်းမြန်ဆန်သော သိရှိမှုတိုင်း၌ ဤသို့သော လျှပ်လှိုင်းများစွာမှာ နျူရွန်ကွန်ရက်တို့အတွင်း ကိုယ်တွင်းလျှပ်လှိုင်းစဉ်များ (nerve signals) အဖြစ် စီးကူးသွားပြီး၊ ၎င်းတို့မှာ ဦးနှောက်အဖို့ ဖတ်ရှုဖွယ် ဘာသာစကားကဲ့သို့ ဖြစ်တန်ရာ၏။