အာဖရိကန်-အမေရိကန် သင်္ချာပညာရှင် From Wikipedia, the free encyclopedia
ကတ်သရင်း ကိုးလ်မန်း ဂိုဘယ် ဂျွန်ဆင်(အင်္ဂလိပ်: Katherine Coleman Goble Johnson၊ ဩဂုတ် ၂၆ ၁၉၁၈ ခုနှစ်ဖွား)သည် အာဖရိကန်-အမေရိကန် သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး နာဆာတွင် အမေရိကန်ပြည်ထောင်စု၏ လေယာဉ်တည်ဆောက်မှုနှင့် ပျံသန်းခြင်းနည်းပညာနှင့် အာကာသပရိုဂရမ်များအတွက် များစွာသော တွက်ချက်မှုများကို ပြုလုပ်ပေးခဲ့သူဖြစ်သည်။ Celestial navigation အား တိကျစွာတွက်ချက်ပေးနိုင်မှုတွင် ကျော်ကြားပြီး နာဆာတွင် ဆယ်စုနှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့သူဖြစ်သည်။ နာဆာမှာလုပ်ကိုင်စဉ်ကာလတွင် သူမသည် မာဂျူရီပရောဂျက်မှစ၍ များစွာသော ပျံသန်းမှုများအတွက် ပျံသန်းမှုလမ်းကြောင်းများ၊ launch windows၊ အရေးပေါ် ပြန်ဆယ်ယူနိုင်မည့် အပြန်လမ်းကြောင်းများကို တွက်ချက်ခဲ့သည်။ သူမဆောင်ရွက်ခဲ့သော ပရောဂျက်များတွင် John Glenn နှင့် Alan Shepard တို့၏ မစ်ရှင်များ၊ ၁၉၆၉ ခုနှစ်တွင် လကမ္ဘာသို့ပျံသန်းမည့် အပိုလို ၁၁ ပျံသန်းမှုများမှသည် Space Shuttle program ထိပါဝင်ခဲ့သည်။[1][2][3] သူမ၏တွက်ချက်မှုများသည် ထိုမစ်ရှင်များအောင်မြင်ရေးအတွက် အတော်လေးကို အရေးပါခဲ့သည်။[1] ဂျွန်ဆင်သည် အင်္ဂါဂြိုဟ်သို့ သွားရောက်ရန်စီမံကိန်းအတွက်လည်း တွက်ချက်မှုများ ဆောင်ရွက်ခဲ့သည်။
ကတ်သရင်း ဂျွန်ဆင် | |
---|---|
ကတ်သရင်း ဂျွန်ဆင် (၂၀၀၈ ခုနှစ်တွင်) | |
မွေးဖွား | ကတ်သရင်း ကိုးလ်မန်း ဩဂုတ် ၂၆၊ ၁၉၁၈ ဝှိုက်ဆာဖာစပရင်း၊ အနောက်ဗာဂျီးနီးယားပြည်နယ်၊ အမေရိကန်နိုင်ငံ |
ဌာနေ | ဟမ်ပတန်၊ ဗာဂျီးနီးယားပြည်နယ် |
နိုင်ငံလူမျိုး | အမေရိကန်လူမျိုး |
မိခင်ကျောင်း | အနောက်ဗာဂျီးနီးယားကောလိပ် |
အလုပ်အကိုင် | ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင် |
အလုပ်ရှင် | NACA၊ နာဆာ |
ကျော်ကြားမှုအရင်းခံ | များစွာသော နာဆာ၏ မစ်ရှင်များအတွက် လမ်းကြောင်းများ တွက်ချက်ခြင်း |
အိမ်ထောင်ဖက်(များ) | ဂျိန်း ဂိုဘယ် (လက်ထပ် 1939–56) ဂျင်မ် ဂျွန်ဆင် (လက်ထပ် 1959) |
သားသမီး | ၃ |
၂၀၁၅ ခုနှစ်တွင် ဂျွန်ဆင်သည် Presidential Medal of Freedom ဆုကို ရရှိခဲ့ပြီး[4] ထိုနှစ်အတွက် ဘီဘီစီအမျိုးသမီး ၁၀၀ တွင်လည်း ပါဝင်ခဲ့သည်။[5]
ကတ်သရင်းကိုးလ်မန်းကို ၁၉၁၈ ခုနှစ်တွင် ဝှိုက်ဆာဖာစပရင်း၊ ဂရင်းဘရီယာကောင်တီ၊ အနောက်ဗာဂျီးနီးယားပြည်နယ်တွင် မွေးဖွားခဲ့ပြီး ယောရှုအာနှင့် ဂျိုင်းလက်တီတို့၏ သားသမီးလေးယောက်ထဲမှ အငယ်ဆုံးသော သမီးဖြစ်သည်။[6][7][8] သူမ၏ဖခင်သည် သစ်ခုတ်သမား၊ လယ်သမားနှင့် တောက်တိုမယ်ရပြင်သူဖြစ်ပြီး ဂရင်းဘရီယာဟိုတယ်တွင် အလုပ်လုပ်သူဖြစ်သည်။ သူမ၏မိခင်မှာ ကျောင်းဆရာမတစ်ဦးဖြစ်သည်။[6][9]
ဂျွန်ဆင်၏ သင်္ချာတွင် ဉာဏ်ရွှင်မှုကို သူမ၏ငယ်ဘဝကတည်းကပင် သိရှိခဲ့ကြသည်။ ဂရင်းဘရီယာကောင်တီတွင် အာဖရိကန်-အမေရိကန်လူမျိုးများအတွက် ရှစ်တန်းအောင်ပြီးလျှင် ကျောင်းဆက်ထား၍ မရသောကြောင့် အနောက်ဗာဂျီးနီးယားအင်စတီကျူတွင် အထက်တန်းကို ဆက်လက်သင်ကြားနိုင်စေရန် စီစဉ်ခဲ့ကြသည်။ ထိုကျောင်းသည် အနောက်ဗာဂျီးနီးယားကောလိပ်(ယခုအခါ တက္ကသိုလ်အဖြစ်တိုးမြှင့်ခဲ့ပြီး)၏ ကျောင်းဝန်းထဲတွင် တည်ရှိသည်။[10] ထိုသို့ကျောင်းပို့ရန် စီစဉ်စဉ်က ဂျွန်ဆင်၏ အသက်မှာ ၁၀ နှစ်သာရှိသေးသည်။[11] ကျောင်းဖွင့်ချိန်တွင် မိသားစုနှင့်ခွဲခွာခဲ့ရပြီး ကျောင်းပိတ်ချိန် နွေရာသီမှ နေရပ်သို့ ပြန်ခဲ့ရသည်။
ဂျွန်ဆင်သည် အသက် ၁၄ နှစ်တွင် အထက်တန်းကျောင်းပြီးခဲ့ပြီး အနောက်ဗာဂျီးနီးယားကောလိပ်သို့ တက်ရောက်ခဲ့သည်။ ထိုကောလိပ်သည် သမိုင်းတွင် လူမည်းများအတွက် တက်ရောက်နိုင်သော ကောလိပ်များမှ တစ်ခုဖြစ်သည်။[12] ကျောင်းသားဘဝတွင် သူမသည် ကောလိပ်မှ ပို့ချသော သင်္ချာသင်ရိုးအားလုံးကို ယူ၍သင်ကြားခဲ့သည်။ များစွာသော ပါမောက္ခများသည် သူမအား ပဲ့ပြင်ဆုံးမခဲ့ကြပြီး ထိုအထဲတွင် သူမအား အထက်တန်းကျောင်းသူဘဝမှ ဆုံးမလမ်းညွှန်ခဲ့သော သင်္ချာနှင့် ဓာတုဗေဒပညာရှင် Angie Turner King နှင့် အာဖရိကန်-အမေရိကန်လူမျိုးများထဲတွင် သင်္ချာပညာရပ်ဆိုရာ ပါရဂူဘွဲ့ကို တတိယမြောက်ရရှိခဲ့သော W.W. Schiefflin Claytor တို့ပါဝင်ခဲ့သည်။ Claytor သည် ကတ်သရင်းအတွက်သာ ရည်ရွယ်၍ သင်ရိုးသစ်များ ရေးဆွဲသင်ကြားခဲ့သည်။ သူမသည် ၁၉၃၇ ခုနှစ်တွင် Summa Cum Laude (Latin honors)ဘွဲ့ကို သင်္ချာနှင့် ပြင်သစ်ဒီဂရီများနှင့်အတူ ရရှိခဲ့သည်။ ထိုအချိန်တွင် သူမ၏အသက်မှာ ၁၈ နှစ်သာ ရှိသေးသည်။[4][7][9][11][13] သူမသည် မာရီရွန်မြို့၊ ဗာဂျီးနီးယားပြည်နယ်တွင် လူမည်းကျောင်း၌ သင်ကြားရေးအလုပ်ကို ရရှိခဲ့သည်။[12][14]
၁၉၃၉ ခုနှစ်တွင် သူမ၏ ပထမအိမ်ထောင်ဖက်ဖြစ်သူ ဂျိန်းဂိုဘယ်နှင့် လက်ထပ်ခဲ့သည်။ ထို့နောက်ဂျွန်ဆင်သည် သင်ကြားရေးအလုပ်မှ နုတ်ထွက်ပြီး သင်္ချာဆိုင်ရာ ဘွဲ့လွန်တက်ရောက်ရန်အတွက် စာရင်းသွင်းခဲ့သည်။ တစ်နှစ်အကြာ ကိုယ်ဝန်ရရှိပြီးနောက် မိသားစုဘဝကို အာရုံစိုက်နိုင်ရန် ကျောင်းနားခဲ့သည်။[12] ကျောင်းတက်စဉ် သူမသည် မော်ဂန်တောင်းမြို့တွင်ရှိသော အနောက်ဗာဂျီးနီးယားတက္ကသိုလ်တွင် ဘွဲ့လွန်အဖြစ်တက်ရောက်သော ပထမဆုံး အာဖရိကန်-အမေရိကန် အမျိုးသမီးဖြစ်ခဲ့သည်။
၁၉၃၉ ခုနှစ်တွင် ကတ်သရင်းသည် ဂျိန်း ဖရန်စစ် ဂိုဘယ်နှင့် လက်ထပ်ခဲ့ပြီး ကွန်စတင်၊ ဂျိုင်လက်တီ၊ ကတ်သရင်းလို့ခေါ်တဲ့ သမီး ၃ ယောက်ရှိခဲ့ကြသည်။ အလုပ်အကိုင်သစ်အခွင့်အလမ်းများရှိစေရန်အတွက် ၁၉၅၃ ခုနှစ်တွင် သူမတို့မိသားစုသည် Newport News သို့ ပြောင်းရွေ့ခဲ့ကြသည်။ ၁၉၅၆ ခုနှစ်အရောက်တွင်တော့ ဂျိန်းဂိုဘယ်သည် ခွဲစိတ်ကုသ၍ မရနိုင်သော ဘရိန်းကျူမာရောဂါဖြင့် သေဆုံးခဲ့လေသည်။
၁၉၅၉ ခုနှစ်တွင် ကတ်သရင်းသည် ဂျိန်းဂျွန်ဆင်နှင့် နောက်အိမ်ထောင်ပြုခဲ့လေသည်။ ဂျွန်ဆင်မှ တပ်မှ ဒုဗိုလ်တစ်ဦးဖြစ်ပြီး ကိုရီးယားစစ်ပွဲမှ စစ်ပြန်တစ်ဦးဖြစ်သည်။[15]
ကတ်သရင်းဂျွန်ဆင်သည် နာဆာတွင်ပင် ဆက်လက်၍ လုပ်ကိုင်ခဲ့သည်။ ထို့ပြင် သူမသည် Presbyterian Church တွင် ဓမ္မသီချင်းသီဆိုသူအဖြစ် အနှစ် ၅၀ မျှ သီဆိုခဲ့သည်။ သူမသည် Alpha Kappa Alpha အသင်း၏ အဖွဲ့ဝင်အဖြစ် ကောလိပ်ကတည်းက ပါဝင်ခဲ့သည်။ ထိုအသင်းသည် အာဖရိကန်-အမေရိကန် အမျိုးသမီးများမှ ၎င်းတို့အတွက် ပထမဆုံးထူထောင်ခဲ့သော ကောလိပ်အသင်းဖြစ်သည်။ ဂျွန်ဆင်နှင့် သူမ၏အမျိုးသားတို့သည် ဗာဂျီးနီးယားပြည်နယ်၊ ဟမ်ပတန်မြို့တွင် မြေး ၆ ဦး၊ မြစ် ၁၁ ဦးနှင့်အတူ နေထိုင်လျက်ရှိသည်။ သူမသည် သူမ၏ မြေးများနှင့် ကျောင်းသူ၊ကျောင်းသားများအား သိပ္ပံနှင့် နည်းပညာနောက်သို့ စဉ်ဆက်မပြတ် ရှာဖွေကြိုးပမ်းကြရန် ဆက်လက်၍ တိုက်တွန်းလျက်ရှိသည်။[16]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.