ပိုမိုဒိုရိုနည်းစနစ်
From Wikipedia, the free encyclopedia
ပိုမိုဒိုရိုနည်းစနစ် (Pomodoro Technique) သည် ဖရန်ချက်စကို ချီရီလို (Francesco Cirillo) မှ ၁၉၈၀-ခုနှစ် နှောင်းပိုင်းတွင်တီထွင်ခဲ့သော အချိန်စီမံခန့်ခွဲမှု (Time management) နည်းစနစ်တစ်ခု ဖြစ်သည်။[1] အဆိုပါနည်းစနစ်တွင် အလုပ်ချိန်ကို အစဉ်အလာအားဖြင့် ၂၅-မိနစ်ကြာသော အချိန်ပိုင်းများ (intervals) နှင့် ကြားထဲတွင် အချိန်တို အနားယူမှုကို ပြုလုပ်ရန် အချိန်တိုင်းစက် (timer) တစ်ခုကို အသုံးပြုလေ့ရှိသည်။ ၎င်းအချိန်ပိုင်း (interval) တစ်ခုစီကို ခရမ်းချဉ်သီး၏ အီတလီဘာသာ အခေါ်အဝေါ်ဖြစ်သော ပိုမိုဒိုရို (Pomodoro) ဟုခေါ်သည်။ ချီရီလို (Cirillo)) တက္ကသိုလ်ကျောင်းသားဘဝတွင် ခရမ်းချဉ်သီးပုံရှိသည့် မီးဖိုချောင်သုံး အချိန်တိုင်းစက်ကို အသုံးပြုရာမှစ၍ ဤသို့ခေါ်ဝေါ်ခြင်းဖြစ်သည်။[2][3]
ဤနည်းစနစ်ကို အက်ပ် (app) များစွာနှင့် ဝက်ဘ်ဆိုဒ်များစွာတို့က ဆော့ဖ်ဝဲအချိန်တိုင်းစက်များကို ထောက်ပံ့ပေးကာ လုပ်ကိုင်ပုံနည်းစနစ် ညွှန်ကြားချက်များကို ဖော်ပြခြင်းဖြင့် လူသိများလာစေခဲ့သည်။ ဤနည်းစနစ်သည် ဆော့ဖ်ဝဲဒီဇိုင်းတွင်အသုံးပြုသော "အချိန်ကန့်သတ်လုပ်ကိုခြင်းနည်းစနစ်" (timeboxing) နှင့် "တစ်ဆင့်ပြီးတစ်ဆင့် ထပ်ခါထပ်ခါ တိုးတက်တည်ဆောက်ခြင်း နည်းစနစ်" (Iterative and incremental development) ကဲ့သို့သောအယူအဆများနှင့် နီးကပ်စွာဆက်နွယ်မှုရှိသည်။ ဤနည်းစနစ်ကို "နှစ်ယောက်တွဲ ပရိုဂရမ်တည်ဆောက်ခြင်း နည်းစနစ်" (Pair programming) တွင် ထည့်သွင်း အသုံးပြုထားသည်။[4]