စက်မှုအင်ဂျင်နီယာ ဘာသာရပ်
From Wikipedia, the free encyclopedia
စက်မှုအင်ဂျင်နီယာ ဘာသာရပ် (အင်္ဂလိပ်: Mechanical engineering) သည် အင်ဂျင်နီယာပညာရပ်တစ်ခုဖြစ်၍ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရူပဗေဒ နှင့် သင်္ချာ အခြေခံသဘောတရားများကို ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ(materials science)နှင့် ပေါင်းစပ်ကာ စက်ပိုင်းဆိုင်ရာစနစ်အဖွဲ့စည်းများကို တီထွင်ရေးဆွဲခြင်း၊ စိစစ်ပိုင်းခြားလေ့လာခြင်း၊ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း တို့ဖြစ်သည်။ ရှေးအကျဆုံး၊ အကျယ်ပြန့်ဆုံးသော အင်ဂျင်နီယာပညာရပ်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အလုပ်အကိုင် | |
---|---|
အမည်များ | စက်မှုအင်ဂျင်နီယာ |
တက်ကြွသည့်အပိုင်းများ | အသုံးချ မက္ကင်းနစ်၊ ခွဲခြမ်းလေလ့လာသော ဒိုင်းနမစ်၊ သာမိုဒိုင်းနမစ်၊ ငွေ့/ရည် မက္ကင်းနစ်၊ အပူကူးပြောင်းခြင်း၊ ထုတ်လုပ်မှုနည်းပညာ၊ နှင့် အခြား |
ဖော်ပြချက် | |
အရည်အချင်းများ | နည်းပညာ ဗဟုသုတ, စီမံကိုင်တွယ်အုပ်ချုပ်ခြင်း ကျွမ်းကျင်မှု, ဒီဇိုင်း (ပုံဖော်ရေးဆွဲခြင်း) (see also စက်မှုအင်ဂျင်နီယာ ပညာရပ်တွင်ပါဝင်သော ခက်ဆစ်များကို ကြည့်ရန်(အင်္ဂလိပ်ဘာသာဖြင့်)) |
ပညာရေး လိုအပ်ချက် | ပညာရပ် ပြဋ္ဌာန်းချက်များ အောက်တွင်ကြည့်နိုင်၏ ။ |
စက်မှုအင်ဂျင်နီယာ ပညာရပ်နယ်ပယ်တွင် မက္ကင်းနစ်(mechanics)၊ ဒိုင်းနမစ်(dynamics)၊ သာမိုဒိုင်းနမစ်(thermodynamics)၊ ဒြပ်ဝတ္ထုပစ္စည်းသိပ္ပံ(materials science)၊ ရုပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဝန်၊ အားများသက်ရောက်မှုကို လေ့လာသောပညာရပ် (structural analysis) နှင့် လျှပ်စစ်ဓာတ်အား (electricity) စသည်တို့ကဲ့သို့သော အဓိကနယ်ပယ်များပါဝင်၍ ထိုနယ်ပယ်ပညာရပ်များကို သိမြင်နားလည်ရန် လိုအပ်သည်။ ဤအဓိကပညာရပ်များအပြင် စက်မှုအင်ဂျင်နီယာများသည် ကုန်ထုတ်စက်ရုံများ၊ စက်မှုလုပ်ငန်း ပစ္စည်းကိရိယာများ၊ လုပ်ငန်းသုံး စက်ယန္တယားကြီးများ၊ အပူ/အအေး စက်ပစ္စည်းများ၊ ပို့ဆောင်ရေးစနစ်များ၊ လေယာဉ်၊ ရေယာဉ်၊ စက်ရုပ်၊ ဆေးပစ္စည်းကိရိယာများ၊ စစ်လက်နက်များနှင့် အခြားပစ္စည်းများကို ဒီဇိုင်းရေးဆွဲရန်နှင့် အသေးစိတ်လေ့လာဆန်းစစ်ရန် ကွန်ပျူတာ ထောက်ကူပြု ဒီဇိုင်း (CAD)၊ ကွန်ပျူတာထောက်ကူထုတ်လုပ်ခြင်း(CAM)၊ ထုတ်ကုန်သက်တမ်းစီမံတွက်ချက်မှု ကဲ့သို့သော ကိရိယာများကို အသုံးချကြသည်။ စက် (သို့) စက်ယန္တယားများ မောင်းနှင်လည်ပတ်ခြင်း၊ ထုတ်လုပ်ခြင်း၊ ပုံစံရေးဆွဲခြင်းများနှင့် ပတ်သက်သော ပညာရပ်တစ်ခုလည်းဖြစ်၏ ။[1][2]
စက်မှုအင်ဂျင်နီယာ ပညာရပ်သည် (၁၈)ရာစု ဥရောပတွင် စက်မှုတော်လှန်ရေးအတွင်း ပညာရပ်နယ်ပယ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့သည်။ သို့ရာတွင် စတင်ဖြစ်ပေါ်လာမှုကို ခြေရာကောက်မည်ဆိုပါက နှစ်ပေါင်းထောင်ချီရှိပြီဖြစ်၏ ။ (၁၉)ရာစု ရူပဗေဒ တိုးတက်လာမှုများက စက်မှုအင်ဂျင်နီယာ သိပ္ပံပညာရပ်ကို ဖြစ်ပေါ်တိုးတက်စေခဲ့သည်။ ဤပညာရပ်သည် အဆက်မပြတ်ဆိုသလို ဖြစ်ပေါ်တိုးတက်လာခဲ့ရာ ယနေ့ခေတ် စက်မှုအင်ဂျင်နီယာပညာရှင်များသည် ဒြပ်ဝတ္ထုပစ္စည်းပေါင်းစပ်မှုလေ့လာသော ပညာရပ် (composites)၊ မက္ကထရောနစ်ပညာရပ်၊ နာနိုနည်းပညာ စသည့် နယ်ပယ်များ၏တိုးတက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်နေလျက် ရှိသည်။ လေကြောင်းအင်ဂျင်နီယာ ပညာရပ်၊ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၊ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ခြင်းအင်ဂျင်နီယာ ဘာသာရပ်၊ သတ္တု အင်ဂျင်နီယာ ဘာသာရပ်၊ ဓာတု အင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုထုတ်ကုန်လုပ်ငန်းအင်ဂျင်နီယာ ဘာသာရပ် နှင့် အခြားသောအင်ဂျင်နီယာပညာရပ်များနှင့် အနည်းနှင့် အများဆိုသလို ပတ်သက်နေသည်။ စက်မှုအင်ဂျင်နီယာများသည် ဇီဝဆေးဝါးအင်ဂျင်နီယာပညာရပ် အထူးသဖြင့် သက်ရှိများ၏ တည်ဆောက်ပုံနှင့် ရွေ့လျားမှုလေ့လာခြင်း biomechanics၊ ဒြပ် စွမ်းအင် အဟုန် စသည်တို့ကို လေ့လာသော ပညာ transport phenomena၊ ဇီဝဗေဒ မက္ကင်းနစ် အီလက်ထရောနစ်တို့ကို ပေါင်းစပ်လေ့လာသော ပညာရပ် biomechatronics၊ ဇီဝနာနိုနည်းပညာနှင့် ဇီဝဗေဒဆိုင်ရာ စနစ်များ၏ ပုံစံတူတည်ဆောက်လေ့လာခြင်း modelling of biological systems စသည့်နယ်ပယ်များတွင်လည်း လုပ်ဆောင်နိုင်ကောင်းလုပ်ဆောင်နိုင်ကြသည်။