ခွေး
အိမ်မွေးတိရစ္ဆာန် / From Wikipedia, the free encyclopedia
ခွေး သည် လူသားတို့၏ ယဉ်ပါးအောင် မွေးမြူခြင်းခံရသည့် ပထမဆုံး အိမ်မွေး တိရစ္ဆာန်တစ်မျိုးဖြစ်သည်။[1][2] လူတို့၏ မိတ်ဆွေစစ် ရှေးကျောက်ခေတ်ကတည်းက လူတို့သည် ခွေးကို မွေးမြူခဲ့ကြသည်။ ခွေးသည် သခင်ကို သစ္စာဖောက်၍ စွန့်ပစ်လေ့မရှိချေ။ သခင်အတွက် အသက်ကိုပင် စွန့်တတ်သည်။ ကမ္ဘာပေါ်တွင် ခွေးအမျိုးမျိုးရှိရာ ယင်းတို့သည် ပါးနပ်စွာအသုံးချတတ်လျင် တစ်မျိုးစီအသုံးကျပေသည်။ သို့ရာတွင်လမ်းဘေးခွေးလေခွေးလွင့် ခေါ် ခွေးဝင်စားများမှာကား မည်သို့မည်ပုံနှင့်မျှအသုံးမကျ၊ ကောင်းကျိုးမပေးဘဲ ပတ်ဝန်းကျင်သန့်ရှင်းမှုကိုဆိုးရွားစွာထိခိုက်စေရုံတင်မက ခွေးရူးပြန်အစရှိသောရောဂါပေါင်းစုံတို့ကိုသယ်ဆောင်သူများပါဖြစ်၏။ လမ်းသွားလမ်းလာများ၊ အထူးသဖြင့်ကလေးသူငယ်များအတွက်လည်းလွန်စွာအန္တရာယ်များလှပြန်လေသည်။
ခွေး Temporal range: At least 14,200 years ago – present | |
---|---|
ယဉ်ပါးအောင် မွေးမြူထား | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
မျိုးရင်း: | Canidae |
မျိုးစု: | Canis |
မျိုးစိတ်: | |
မျိုးစိတ်သေး: | C. l. familiaris |
တြိနာမ | |
Canis lupus familiaris Linnaeus, 1758 | |
Synonyms | |
စာရင်း
|
လူတို့မွေးမြူအသုံးပြုသော တိရစ္ဆာန်များအနက် ခွေးသည် အားအကိုးရဆုံးသော မိတ်ဆွေ၊ သစ္စာ အရှိဆုံးသော ကျေးကျွန် မည်ပေသည်။ ရှေးကျောက်ခေတ်က လူတို့နေထိုင်ရာ ဂူလိုဏ်များကို တူးဖော်ကြည့်ရာတွင် လူရိုးနှင့် ခွေးရိုးများ အတူတကွ တွေ့ရှိခြင်းကို ထောက်ရှုသော် သမိုင်းမတင်မီ ခေတ်အခါကပင် ခွေးသည် လူတို့အတွက် ယဉ်ပါးလာသောတိရစ္ဆာန် ဖြစ်၏ဟု ဆိုရပေမည်။ အိမ်ခွေးတို့သည် ဝံပုလွေနှင့် ခွေးအများ အထူးသဖြင့် ဝံပုလွေများမှ တစ်စတစ်စ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ယူဆကြသည်။ ယင်းသိပ္ပံသုတေသီတို့၏ အဆိုအရ ရှေးခေတ်လူတို့သည် ရှေးဦးစွာ မိမိတို့ဒေသ ပတ်ဝန်းကျင်ရှိ ဝံပုလွေအရိုင်းများကို အမဲလိုက်ရာတွင် အသုံးပြုရန် မွေးမြူကြသည်။ ထို့နောက် လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်း တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ အမဲလိုက်ရန်တစ်ခုတည်းအတွက် မဟုတ်ဘဲ သီးခြားကိစ္စအလိုက် မွေးမြူလေ့ကျင့်ပေးခဲ့ရာမှ အိမ်ခွေးအမျိုးမျိုး ပေါ်ပေါက်လာသည်ဟု ဆိုသည်။
အိမ်ခွေးများသည် လူတို့နှင့်အတူ နေထိုင်ယဉ်ပါးနေပြီဟု ဆိုရသော်လည်း မိမိတို့ ဘိုးစဉ်ဘောင်ဆက်မှ မျိုးရိုးဇာတိစရိုက် အချို့ကိုမူ ယနေ့တိုင်အောင် မဖျောက်နိုင်ကြသေးပေ။ ခွေးသည် မွေးစအရွယ်မှစ၍ အမဲလိုက်ရန် ဝါသနာထုံခဲ့သည့်အတိုင်း အငယ်ဆုံးသော ခွေးကလေးမျိုးပင်ဖြစ်စေကာမူ ပြေးလွှားနေ သည့်ကြက်၊ ငှက်၊ ကြွက်၊ ကြောင်မှစ၍ ယုန်၊ သိုး၊ ဆိတ်၊ ဝက်၊ သမင်၊ ဒရယ်၊ ချေ၊ ဆတ် စသည်တို့ကို မြင်ရုံနှင့် အပြေးလိုက်တတ်သည်။ ခွေးသည် အိပ်ခါနီး နှစ်ပတ် သုံးပတ်လှည့်ပြီးမှ အိပ်တတ်သည်။ ဤအကျင့်မှာ ရှေ့တွင်ဖော်ပြခဲ့သော မျိုးရိုးဇာတိစရိုက်ပင် ဖြစ်၏။ မယဉ်ပါးသေးသော အချိန်က ခွေးရိုင်းများသည် လုံခြုံသော ကိုင်းတော မြက်တောများ၌ အိပ်ရန်ကြံသောအခါ အိပ်မည့်နေရာရှိ မြက်နှင့် သစ်ရွက်များကို ပထမ သုံး၊ လေးပတ်မျှ လှည့်၍ နင်းပေးပြီး အိပ်ရာနေရာကို ပြင်လေ့ရှိသည်။ ညဖက်တွင် ခွေးများအူတတ်သည့် အကျင့်မှာလည်း ယင်းတို့၏ မျိုးရိုးဖြစ်သော ဝံပုလွေများသည် အစာရှာထွက်ချိန်၌ ဝံပုလွေအုပ်ကို အူ၍ ခေါ်သော အလေ့မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အိမ်ခွေးများသည် မည်သည့်ရန်သူမျှ မရှိစေကာမူ မိမိတို့၏ အစာဖြစ်သော အရိုးများကို ဝှက်ထားတတ်သည်။ ဤအကျင့်မှာလည်း ရှေးခွေးရိုင်းများသည် မိမိတို့၏အစာကို ရန်သူ မတွေ့နိုင်အောင် ဝှက်ထားတတ်သည့် အလေ့မှ ဆင်းသက်ခဲ့ပေသည်။ ထိုမှတစ်ပါး အနံ့ခံ ကောင်းခြင်း၊ မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ ချွန်ထက်သော သွားများရှိခြင်း၊ ပြေးလွှားနိုင်ရန် သန်စွမ်းသော ခြေထောက်များရှိခြင်း၊ ကိုယ်တွင် အမွေးကြမ်းများ ဖုံးလွှမ်းပါရှိခြင်း၊ သေးသွယ်၍ ကြံ့ခိုင်တောင့်တင်း သောကိုယ် ရှိခြင်း စသည်တို့မှာလည်း မုဆိုးများနှင့်အတူ အမဲလိုက်ရာ၌ သင့်တော်အောင် သဘာဝက ဖန်တီးပေးခဲ့သော ရှေးခွေးရိုင်းများမှ ဆက်ခံခဲ့သည့် မျိုးရိုးဇာတိအမွေများပေတည်း။ ခွေးတို့သည် လူသားတို့လက်ဖြင့် ဆင့်ကဲပြောင်းလဲခြင်းခံရသည့် တစ်ခုတည်းသော မျိုးစိပ်ပင် ဖြစ်သည်။ [3]
အာရှနှင့် အာဖရိကတိုက်ရှိ အမဲလိုက်ခွေးရိုင်းများနှင့် ယဉ်ပါးနေသော အိမ်ခွေးများ၏ ခြားနားချက် တစ်ခုမှာကား များသောအားဖြင့် အိမ်ခွေးများက ဟောင်တတ်၍ ခွေးရိုင်းများက အူရုံသာ အူတတ်ခြင်းပင် ဖြစ်သည်။ အမေရိကတိုက်ရှိ ဝံပုလွေနှင့်တူသောခွေးများသည် တစ်ခါတစ်ရံသာ ဟောင်တတ်သည်။ အက်စကီးမိုး လူမျိုးတို့ မွေးမြူထားသော 'ဟပ်စကီ' ခေါ် ခွေးများကမူ လုံးဝမဟောင်တတ်ချေ။
ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးအားလုံးတွင် ခွေးတစ်မျိုးတည်းသာ ကမ္ဘာအရပ်ရပ်သို့ လူနှင့်အမြဲ လိုက်ပါကာ အမျိုးမျိုးသော ရာသီဥတုကို ခံနိုင်၍ လူအား ကူအညီပေးနိုင်သော တိရစ္ဆာန်ဖြစ်သည်။ အချို့သောခွေးမျိုးသည် ရဲရင့်သည်။ အချို့မှာ သိမ်မွေ့၏။ အချို့ကား လိမ်မာ၏။ အချို့ကား ထိုင်းမှိုင်း၏။ ဆိုးပေ၏။ သို့သော် အားလုံးသော တိရစ္ဆာန်များအနက် ခွေးသည် လူ၏သဘောကို နားအလည်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
ခွေးသည် ဝံပုလွေမှ ဆင်းသက်လာသည်ဟု ယုံကြည်ဖွယ် ရာ အကြောင်း ရှိလေသည်။ မြောက်အမေရိကတိုက် မြောက် ပိုင်းရှိ အက်စကီးလူမျိုးတို့၏ခွေးများသည် ဝံပုလွေနှင့် အလွန် တူသည်။ ပကတိဝံပုလွေနှင့် တူလှသောကြောင့် မကြာခဏပင် ခရီးသည်များ အထင်မှားကြရသည်။ ဖလော်ရီဒါပြည်နယ်ရှိ ခွေးအချို့မှာလည်း ဝံပုလွေနှင့် ရွေးမရအောင် တူသည်။ အာရှ၊ အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံများရှိ အိမ်ခွေးများမှာမူ ခွေးအတို့၏ အဆက်အနွယ်များ ဖြစ်သည်ဟု ယူဆရသည်။ အမေရိကနှင့် ဥရောပတိုက်မြောက်ပိုင်းရှိ အက်စကီးမိုး ခွေးများကို ရေခဲပြင်ပေါ်၌ စွတ်ဖားဆွဲရန် အသုံးပြုကြသည်။
ဝင်ရိုးစွန်းရှာဖွေသူတို့သည် ဤခွေးများ၏အကူအညီကို များစွာ ရရှိကြသည်။ ယင်းတို့သည် အလွန်အမင်း အေးသောဒဏ်ကို ခံနိုင်၍ အစာအာဟာရ အနည်းငယ်ဖြင့် အသက်ရှင်နေနိုင်ကြ သည်။ အားကောင်းသော ဤခွေးမျိုးတစ်စုသည် ခရီးလမ်း ကောင်းမွန်ပါက ရေခဲပြင်ပေါ်၌ ပေါင်ချိန် ၃၆၀ ရှိသောဝန်ကို တစ်နေ့လျှင် မိုင် ၄၀ ခန့် ခရီးပေါက်အောင် လွယ်ကူစွာ ဆွဲဆောင်နိုင်သည်။
ဗဲလဂျီယမ်နှင့် ဟော်လန်နိုင်ငံများတွင် လက်တွန်းလှည်း၊ ဟင်းသီးဟင်းရွက်လှည်းနှင့် နွားနို့လှည်းကလေးများကို သန်စွမ်းသောခွေးများအား ဆွဲစေသည်။
စကော့တလန်ပြည်၌ အလွန်စိတ်ချ အသုံးဝင်သော သိုးကျောင်းခွေးများ ရှိသည်။ ချွန်သောနှုတ်သီးနှင့် အမွေး ထူထပ်သော ကိုယ်ရှိပြီးလျှင် လည်ပင်းနှင့် အမြီးတွင် လည် အမွေးဖွားဖွား ပါရှိသဖြင့် အထူးပင် လှပသည်။ ဤခွေးများသည် မျက်စိလည် လမ်းမှား၍ အုပ်ကွဲသွားသောသိုးများကို သိုးအုပ်ရှိရာသို့ ပြန်ပို့ပေးခြင်း၊ နေဝင်ချိန်၌ သိုးများကို စုရုံး၍ ခြံသွင်းခြင်း စသည့် သိုးကျောင်းအလုပ်များကို လူနှင့်မခြား ဆောင်ရွက်နိုင်သည်။ အနံ့ခံလည်းကောင်းလှသဖြင့် အုပ်ကွဲနေ သောသိုးများကို ဆီးနှင်းမုန်တိုင်းများကြားထဲမှပင် မရမနေ တွေ့အောင် ရှာဖွေနိုင်ကြသည်။
အမဲလိုက်ခွေးမျးသည် အမဲကောင်ကို အနံ့ခံ၍ မျက်ခြည် မပြတ်အောင် လိုက်နိုင်သည်။ သွေးစက်ကို အနံ့ခံလိုက်၍ ထိမှန်သွားသောအမဲကောင်များကို တွေ့အောင် ရှာနိုင်သည်။ ခြေရာခံခွေးကြီးများသည် ထွက်ပြေး လွတ်မြောက်သွားသော ရာဇဝတ်သားများကို ခြေရာခံ၍ လိုက်လံဖမ်းဆီးပေးနိုင်သည်။ ဥရောပတိုက်အလယ်ပိုင်းရှိ မြင့်မား၍ ဆီးနှင်းများ ဖုံးအုပ် နေသည့် အဲ့လပတောင်တန်းများပေါ်တွင် သွားလာကြသော ခရီးသည်များသည် တစ်ခါတစ်ရံ မျက်စိလည်လမ်းမှား၍ ဖြစ်စေ၊ ဆီးနှင်းမုန်တိုင်းမိ၍ ဖြစ်စေ၊ ခြေကုန်လက်ပမ်းကျကာ အတိဒုက္ခရောက်နေတတ်သည်။ ထိုဒုက္ခသည်များအား လိုက်လံ ရှာဖွေ ကယ်ဆယ်ရန်အတွက် 'စိန်ဗားနတ်'ခေါ် ခွေးကြီးများကို တောင်ခြေရှိ ဘုန်းကြီးကျောင်းများ၌ မွေးမြူ လေ့ကျင့်ပေးထားကြသည်။ ရာသီဥတု ဆိုးရွားသောနေ့များတွင် ဤခွေးကြီးများကို လည်ပင်း၌ ခေါင်းလောင်း ကလေးများဆွဲကာ ဒုက္ခ သည်များအား ရှာဖွေရန် စေလွှတ်လိုက်သည်။ အများအားဖြင့် နှစ်ကောင်တွဲ စေလွှတ်လေ့ ရှိ၏။ ဒုက္ခသည် တစ်ဦး တစ်ယောက်ကို တွေ့သောအခါ တစ်ကောင်က အကူအညီ ပေးရရန် ဘုန်းကြီးများထံ ပြန်ပြေး၍ ကျန်တစ်ကောင်က ဒုက္ခသည်အား ဖုံးနေသော နှင်းခဲများကို ဖယ်ရှားပေးခြင်း၊ အနွေးဓာတ်ရစေရန် မျက်နှာနှင့် ခြေလက်များကို လျှာဖြင့် လျက်ပေးခြင်းဖြင့် စောင့်ရှောက်ကာ ကျန်ခဲ့သည်။